နေပြည်တော် ဒီဇင်ဘာ ၃
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ (၂၀၂၂) အထောက်အပံ့ဖြင့် ဆောင်ရွက်နေသော မဲခေါင်-လန်ချန်း ဧရိယာ(မြန်မာ၊ ထိုင်းနှင့် တရုတ်) နိုင်ငံအတွင်းရှိ ပိုးသတ်ဆေး ဓါတ်ကြွင်းအာနိသင်ဆိုင်ရာ ဓါတ်ခွဲခန်းနှင့် နည်းပညာဆိုင်ရာ သတင်း အချက်အလက်များကွန်ယက် တည်ထောင်ခြင်း စီမံကိန်း၏ “အစားအစာဘေး ကင်းရေး နှင့် သဘာဝ ပတ်ဝန်းကျင် ကျန်းမာရေးတို့အကြား ဆက်နွယ်မှုဆိုင်ရာ သုတေသန ညီလာခံ” ကို ယနေ့ နံနက်ပိုင်းက နေပြည်တော် MGallery Hotel ၌ ကျင်းပသည်။
အခန်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ဦးဗိုလ်ဗိုလ်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ ရေဆင်းစိုက်ပျိုး ရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိတ်ဖက်နိုင်ငံများမှ ပါမောက္ခများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဉီးစွာဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ(၂၀၂၂)၏ အကူအညီ အထောက်အပံ့ဖြင့် ပိုးသတ်ဆေး အကြွင်းအကျန် ဓာတ်ခွဲခန်းကို တည်ဆဲအဆောက်အအုံများပေါ်တွင် အခြေခံ၍ တည်ထောင်သွားမည်ဖြစ်ပြီး ပူးပေါင်းသုတေသနပြုခြင်း၊ ဝန်ထမ်းလေ့ကျင့်ရေး၊ ကျွမ်းကျင် သူစေလွှတ်ခြင်းများကိုလည်း ဤစီမံကိန်း အစီအစဉ် အရဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ပိုးသတ်ဆေး အကြွင်းအကျန် များကို ခွဲခြမ်းစိတ်ဖြာနိုင်သော ဓာတ်ခွဲခန်းပလက်ဖောင်းကို တည်ထောင်နိုင်ပြီး သုတေသီများ ပညာရှင်များနှင့် ကျောင်းသား ကျောင်းသူများ၏ သုတေသနစွမ်းရည်ကို တိုးတက်စေမည်ဖြစ်သည့် အပြင် မြန်မာနိုင်ငံအတွက် (MRLs)ဓာတုဓာတ်ကြွင်း အနည်းဆုံးဆောင်ရွက်ရေးကို အထောက်အကူ ပြုစေမည် ဖြစ်ပါကြောင်း။
ယခုကျင်းပသည့် သုတေသနညီလာခံမှ သဘာဝပတ်ဝန်းကျင်အပေါ်မှာ ပိုးသတ်ဆေးအကြွင်း အကျန်များ၏ အကျိုးသက်ရောက်မှုများကို ဆန်းစစ်ခြင်း၊ အစားအစာများတွင် ပိုးသတ်ဆေး အကြွင်း အကျန်များကို လျှော့ချမည့် ကာကွယ်ရေးစီမံချက်များ၊ အစားအစာများတွင် ပိုးသတ်ဆေး အကြွင်း အကျန်များကို စောင့်ကြည့်ခြင်းနှင့် ကျန်းမာရေးအန္တရာယ် အကဲဖြတ်ခြင်းဆိုင်ရာ သုတေသန သတင်းအချက် အလက်များဖြင့် ပြည်တွင်းနှင့် ပြည်ပပို့ကုန်များ၏ အစားအစာ ဘေးကင်းလုံခြုံ စိတ်ချနိုင်ရေးအတွက် စောင့်ကြည့်လေ့လာနိုင်သော အခြေခံစနစ်တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ညီလာခံကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းတင်ပြကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူက ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ယင်းနောက် “အစားအစာဘေးကင်းရေးနှင့် သဘာဝပတ်ဝန်းကျင် ကျန်းမာရေးတို့ကြား ဆက်နွယ်မှု ဆိုင်ရာ သုတေသနညီလာခံ” ကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


