နေပြည်တော် ၃၁ ဇူလိုင်
မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဒုတိယအကြိမ် အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများစတင်ကြောင်း အသိပေးကြေညာခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖွံ့ဖြိုးတိုးတက်မှုကွာဟချက် လျှော့ချရန်နှင့် အာဆီယံအသိုက်အဝန်းတည်ထောင်မှုကို အထောက်အကူပေးရန်၊ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် ၂၀၃၀ ရည်မှန်းချက်ကို တိုးမြှင့်အကောင်အထည်ဖော်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်သွား ရန်ရည်ရွယ်ဆောင်ရွက်သော မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာစီမံကိန်းများဖြင့် စီမံကိန်းဒေသများရှိ တောင်သူလယ်သမားများ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူတို့၏ သာယာဝပြောမှုကို တိုးမြှင့်ပေးရေးကြိုးပမ်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာချန်းဟိုင်က တရုတ်-မြန်မာနှစ်နိုင်ငံအစိုးရအကြား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် အကောင်အထည်ဖော်မည့်စီမံကိန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကိုလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်က မဲခေါင်-လန်ချန်းပူးပေါင်းမှုအရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံတမန်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေအောက်မှ ပထမအသုတ် စီမံကိန်း (၅) ခုအား အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို လည်းကောင်း၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေအောက်မှ ဒုတိယအကြိမ် စီမံကိန်း(၁၂)ခုနှင့် ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသော ဧည့်သည်တော်များသည် ခန်းမအတွင်းဦးစီးဌာနများက ခင်းကျင်းပြသထားသော စီမံကိန်းဆိုင်ရာ ပြကွက်များကိုကြည့်ရှုအားပေးကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မဲခေါင်နိုင်ငံ (၅) နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး မဲခေါင်ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် တစ်ခုဖြစ်သည်။ ဖွံ့ဖြိုးမှုဆိုင်ရာစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်ရေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အထူးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း(၃၀ဝ) စိုက်ထူ တည်ထောင်ပေးခြင်းနှင့်အတူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကဏ္ဍအောက်မှ အဓိကဌာနကြီးအဖြစ် ဆောင်ရွက်လျက်ရှိသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ ဒုတိယအကြိမ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းစုစုပေါင်း (၂၃) ခုကို အဆိုပြုခဲ့ရာစီမံကိန်း (၁၂) ခုရွေးချယ်ခံခဲ့ရပြီး စီမံကိန်းရန်ပုံငွေစုစုပေါင်း အမေရိကန် ဒေါ်လာ (၅) သန်းခန့်ကို ဦးစားပေးကဏ္ဍ ကနဦးအဆင့်အနေဖြင့် ပေါင်းစည်းဆက်နွယ်မှု (Connectivity)၊ ထုတ်လုပ်မှုစွမ်းရည်ပူးပေါင်းဆောင်ရွက်မှု (Production Capacity Cooperation)၊ နယ်စပ်ဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (Cross-border Economic Cooperation)၊ ရေအရင်းအမြစ် (Water Resources)၊ စိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး (Agriculture and Poverty Reduction)စသည့် ကဏ္ဍ (၅) ခုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများက ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


