နေပြည်တော်၊ နိုဝင်ဘာ ၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် Traditional Dance Festival of Mekong - Lancang ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပရာ မဲခေါင်-လန်ချန်း ရိုးရာအကပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ်၊ မတ်လမှာ မဲခေါင်- လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို တရုတ်နိုင်ငံ၊ ဆန်းယမြို့ မှာ ကျင်းပခဲ့ပြီး ဆန်းယကြေညာစာတမ်း(Sanya Declaration)ကို ကြေညာနိုင်ခဲ့ပါကြောင်း၊ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်မှာ မဲခေါင်ဒေသတွင်းနိုင်ငံများ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုပြီး သာယာဝပြောမှုကို တိုးမြှင့်ပေးရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုရရှိစေရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံအသိုက် အဝန်းတည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်၏ ၂၀၃၀ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်သွားရန်၊ ဖွံ့ဖြိုးဆဲနိုင်ငံ များအကြား ပူးပေါင်းဆောင်ရွက်ရေး (South-South Cooperation)ကို တိုးမြှင့်သွားရန် ဖြစ်ပါကြောင်း။
ပွဲတော်ကို ကျင်းပပြုလုပ်ခြင်းဖြင့် ရိုးရာယဉ်ကျေးမှုကြွယ်ဝသော မဲခေါင်-လန်ချန်း ဒေသတွင်း နိုင်ငံများ၏ ဂုဏ်ယူစရာဖြစ်သည့် ယဉ်ကျေးမှုဆိုင်ရာ မတူညီမှုများ၊ ကွဲပြားမှုများကို သိရှိလေ့လာနိုင်ရန်၊ တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးလာခြင်း၊ နည်းပညာနှင့် ရုပ်ဝတ္ထုပစ္စည်းများ ဖွံ့ဖြိုးတိုးတက်မှု တို့ကြောင့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများအနေဖြင့် တူညီသော စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်နေကြရသဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရန်၊ ယဉ်ကျေးမှုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် မဲခေါင်-လန်ချန်းဒေသတွင်းရှိ အနုပညာရှင် လူငယ်များ အကြား ပိုမိုချစ်ခင်ရင်းနှီးမှုများဖြင့် ဆောင်ရွက်နိုင်စေရန်စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မဲခေါင်-လန်ချန်း ရိုးရာအကပွဲတော် ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက် မှုဖြင့် ဆောင်ရွက်မည့် Traditional Dance Festival of Mekong - Lancang ပွဲတော်ကျင်းပရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသော သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များက ပွဲတော်ကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး သည်။ ထို့နောက် မဲခေါင် - လန်ချန်း ရိုးရာအကပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
(သတင်းစဉ်)