နေပြည်တော် ဇူလိုင် ၃
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဉီးခက်ထိန်နန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဇွန် ၁ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့၊ နောင်နန်းရာဘာခြံတွင် မဲခေါင် - လန်ချန်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မက္ကဒေးမီးယား ပျိုးပင်များနှင့် စက်ပစ္စည်းကိရိယာများ တောင်သူများသို့ ထောက်ပံ့ပေးအပ်ပွဲ သို့တက်ရောက်သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ကချင်ပြည်နယ်သည် တောတောင်ရေမြေ သဘာဝ မြစ်ချောင်းများနှင့် ပြည့်စုံပြီး သာယာလှပသည့် ပြည်နယ်တစ်ခုဖြစ်တာနှင့်အညီ မြေဆီမြေနှစ်၊ မြေသြဇာများပြည့်ဝသည့် စိုက်ပျိုးမြေများရှိသလို တိုးချဲ့စိုက်ပျိုးရန် ကျန်နေသေးသည့် မြေလွတ်မြေရိုင်းများလည်း ရှိကြောင်း၊ စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအပြင် သီးနှံအသစ်တွေဖြစ်သည့် မက္ကဒေးမီးယား၊ ကော်ဖီ၊ လက်ဖက် တွေကိုလည်း အောင်မြင်စွာ တိုးချဲ့စိုက်ပျိုးနိုင်သည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ယခုလို အမယ်သစ်သီးနှံဖြစ်သည့် မက္ကဒေးမီးယားပျိုးပင်နှင့် မက္ကဒေးမီးယား ထုတ်လုပ်မှုဆိုင်ရာ စက်ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းသည် ဒေသခံတောင်သူများအတွက် များစွာအကျိုးရှိတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပြီး၊ ရရှိတဲ့တောင်သူများနေဖြင့် အကျိုးရှိရှိ အသုံးချပြီး ပြည်နယ်ရဲ့အားထားရသည့် သီးနှံတစ်ခုဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မက္ကဒေးမီးယားပျိုးပင်များကို အောင်မြင် ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်နှင့် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာနှင့် အကြံဉာဏ်များအား စိုက်ပျိုးရေးဉီးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေး ဉီးစီးဌာနအနေဖြင့် ခရိုင်၊ မြို့နယ်အလိုက် အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်သွားကြရန် မှာကြားသည်။ ထို့နောက် မက္ကဒေးမီးယားပျိုးပင် (၁၄၈၂၀) နှင့် အသီးခူးဧက (၁၇) ဧက အတွက် အခွံမာခွဲကိရိယာ နှစ်လုံး၊ အခွံစိမ်းနွှာစက် တစ်လုံးတို့အား တောင်သူများထံ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော တောင်သူတစ်ဉီးမှ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် မြစ်ကြီးနား ပိုးစာခြံသို့ရောက်ရှိပြီး ဒေသအတွင်း ပိုးစာတောင်သူများကို အထွက်ကောင်း ပိုးစာမျိုးသန့်များ ဖြန့်ဖြူးပေးရန်၊ သိပ္ပံနည်းကျ စိုက်ပျိုးထိန်းသိမ်းခြင်း၊ မွေးမြူထုတ်လုပ်ခြင်း နည်းပညာများ ဖြန့်ဖြူပေးခြင်း၊ ပိုးစာနှင့် ဆက်စပ်လုပ်ငန်းများမှ ဒေသအတွင်း ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် မှာကြားသည်။
ယင်းနောက် စူပါဝမ်း နို့စားနွား မွေးမြူရေခြံနှင့် ချမ် နို့စားနွား မွေးမြူရေးခြံတို့ကို ရောက်ရှိပြီး နို့ထွက်နှုန်းကောင်းမွန်သော နို့စားနွား မျိုးကောင်းမျိုးသန့်များ ပိုမိုဖြစ်ထွန်း မွေးမြူနိုင်ရေးအတွက် လိုအပ်သောနည်းပညာနှင့် သွင်းအားစုများဖြစ်သည့် စနစ်တကျ မေထုန်မဲ့ သားစပ်လုပ်ငန်းများ၊ မွေးမြူသူတောင်သူများ အကျိုးအမြတ်ရရှိရေး စျေးကွက်လိုအပ်ချက်နှင့်အညီ နို့နှင့်နို့ထွက်ပစ္စည်းတို့ မြှင့်ထုတ်လုပ်နိုင်ရေး အဓိကထား လုပ်ဆောင်ကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ရေလွှဲဆည်သို့ ရောက်ရှိပြီး ကချင်ပြည်နယ်အတွင်း ရေအသုံးချသူများ (WUG) အဖွဲ့နှင့် ရေအသုံးချသူများ အသင်း (WUA) အဖွဲ့များ ဖွဲ့စည်းနိုင်ရေးနှင့် ဖွဲ့စည်းပြီးအသင်း အဖွဲ့များအား ပိုမိုအားကောင်းလာစေရေး ဆက်လက်ဆောင်ရွက်ရန်နှင့် စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်