နေပြည်တော်   မတ်    ၂၄

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄) အစီအစဉ်ဖြင့် ကျင်းပသည့် ခွာနာလျှာနာရောဂါအား Molecular နှင့် Serology နည်းပညာများဖြင့် စစ်ဆေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ရွှေမြို့ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ဇီဝလုံခြုံ မှုအဆင့် (၂) BSL-2  ဓာတ်ခွဲခန်း၌ ကျင်းပသည်။

ခွာနာလျှာနာရောဂါသည် ကျေးလက်နေတောင်သူများ၏ မိသားစုဝင်ငွေကို ထိခိုက်စေရုံတင်မကဘဲ   နိုင်ငံတကာ  ကုန်သွယ်မှုများကို ဟန့်တားစေပြီး စားရေရိက္ခာဖူလုံမှုကိုပါ ခြိမ်းခြောက်နေခြင်း၊ တိုက်ဖျက်ရန် ခေတ်မီအဆောက်အအုံများရှိရုံနှင့် လုံလောက်မှုမရှိခြင်း၊ ပိုမိုထက်မြက်သည့် ပညာရှင်များနှင့် ပိုမိုတိကျသော ရောဂါရှာဖွေရေးကျွမ်းကျင်မှုများ လိုအပ်ခြင်း၊ အဆင့်မြင့်ရောဂါရှာဖွေမှုကို ကျွမ်းကျင်စေရန် ခွာနာလျာနာရောဂါကို ရိုးရိုးစစ်ဆေးမှုအဆင့်မှသည် တိကျမှုမြင့်မားသည့် မော်လီကျူးလာနှင့် သွေးရည်ကြည်(Molecular and Serological) စစ်ဆေးမှုများသို့  ကူးပြောင်းနိုင် ရန်၊ ဒေသတွင်း စံလုပ်ထုံးလုပ်နည်းများကို တညီတညွတ်တည်းဖြစ်စေရန်၊ ဓာတ်ခွဲခန်းမှ ထွက်ပေါ်လာသည့် ရလဒ်များသည် မဲခေါင်-လန်ချန်း အဖွဲ့ဝင် နိုင်ငံအားလုံးက  လက်ခံသည့် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီစေရန်၊ ရောဂါကြိုတင်သတိပေးစနစ်ကို အားကောင်းစေရန် ဝန်ထမ်းများ အနေနှင့်FMD မျိုးဗီဇအမျိုးအစားများကို  လျင်မြန်စွာခွဲခြားနိုင်ခြင်းအားဖြင့် ရောဂါပြန့်ပွားမှုကို အချိန်မီတားဆီးနိုင်ပြီး တိရစ္ဆာန်ပေါင်းများစွာ ကူးစက်ခံရခြင်းမှ ကာကွယ်ပေးနိုင်ရန်  ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

အဆိုပါသင်တန်းတွင် တရုတ်နိုင်ငံမှ ဖိတ်ကြားထားသည့် တိရစ္ဆာန်ရောဂါစစ်ဆေးခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဓာတ်ခွဲခန်းနည်းပညာရှင်များ စုပေါင်းပြီး  အဆင့်မြှင့်တင်ထားသော စမ်းသပ်နည်းသစ်များ (Molecular and Serology)  ကို လက်တွေ့အသုံးပြုပို့ချသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို သင်တန်းသား ၁၀ ဦးဖြင့် မတ်၂၄ ရက်မှ ၂၈ ရက်အထိ   ငါးရက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်