နေပြည်တော် ၃ မတ်
မဲခေါင်ဒေသ ကျွန်းစီမံကိန်း စတင်အကောင်အထည်ဖော်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၊ ကျွန်းခန္ဓာပိုင်းမျိုးပွားခြင်းသင်တန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု အထောက်အကူပြု ဝါးလက်မှုသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် သစ်တောသုတေသနဌာန၊ ရေဆင်းတွင် ကျင်းပသည်။
သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အပူပိုင်းဒေသ သစ်နှင့် ပတ်သက်သောအဖွဲ့အစည်း (ITTO) တို့ ပူးပေါင်းပြီး အကောင်အထည်ဖော်မည့် “မဲခေါင်ဒေသ ကျွန်းမျိုးရိုးဗီဇ ထိန်းသိမ်းရေးစီမံကိန်း” ကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။
အဆိုပါ စီမံကိန်းသည် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ အတူတကွ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သည့်စီမံကိန်းလည်းဖြစ်သည်။ သဘာဝကျွန်းတောများ ပေါက်ရောက်သည့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်နှင့် နေပြည်တော် ဥတ္တရခရိုင်တို့တွင် ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်း၏ ပထမဆုံး လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် အလုပ်ရုံဆွေးနွေးပွဲနှင့် ကျွန်းခန္ဓာပိုင်း မျိုးပွားခြင်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။ သင်တန်းမှာ (၅) ရက်ကြာ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ဝါးအခြေခံ လက်မှုပညာသင်တန်းကို မတ် ၃ ရက်မှ ၁၇ ရက်အထိ (၁၅)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး KFS REDD+ စီမံကိန်း၏ ထောက်ပံ့မှုနှင့်ဖွင့်လှစ်သည့် ပဉ္စမအကြိမ်မြောက် သင်တန်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးလက်ဒေသတွင် နေထိုင်ကြသည့် ကျေးလက်ပြည်သူများဖြစ်ပါကြောင်း၊ မြန်မာ့သစ်တောမူဝါဒ၏ ပဓာန (၆) ချက်တွင်လည်း ပြည်သူလူထု၏ အခြေခံစားဝတ်နေရေးအတွက် ဖြည့်ဆည်းပေးခြင်း၊ ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည့်အချက်များ ပါဝင်ကြောင်း သိရသည်။
သစ်တောအပေါ် မှီခိုနေသည့် ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ တိုးတက်လာရန်အတွက် သစ်တောထွက်ပစ္စည်းများ အထူးသဖြင့် ဝါးကိုအခြေခံသည့် လက်မှုပညာ သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချခြင်း၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ခွင့်ပြုခြင်း၊ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်များ ဖွံ့ဖြိုးလာစေရန် အားပေးကူညီခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ အင်တာပရိုက် (CFE) များ ဖွံ့ဖြိုးလာစေရန် ပံ့ပိုးကူညီခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ဝါးအခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေပြီး ပြည်ပဝင်ငွေ တိုးတက်ရန်အတွက် ရည်မှန်းပြီး အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲများသို့ သစ်တောဦးစီးဌာန ဒေါက်တာညီညီကျော် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဌာနဆိုင်ရာ အရာရှိကြီးများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား ကျေးလက်ပြည်သူများ၊ သုတေသီများ တက်ရောက်ကြသည်။
သန့်ဇော်


