တာချီလိတ် အောက်တိုဘာ ၁

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် အောက်တိုဘာ ၁၅ ရက် နံနက် ၈ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင် ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ ဆရာတော်အား ဖူးမြော်ကန်တော့၍ လှူဖွယ်ပစ္စည်းများနှင့် နဝကမ အလှူငွေများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။

 

mdn

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် တာချီလိတ်ခရိုင်၊ ဝမ်ပုံဆိပ်ကမ်းမှ ရေကြောင်းရဲတပ်ဖွဲ့ စက်လှေဖြင့် မဲခေါင်မြစ်တစ်လျှောက် မြန်မာနိုင်ငံ - ထိုင်း - လာအိုနိုင်ငံ ဆုံတွေ့ရာ ရွှေတြိဂံဇုန်အထိ နိုင်ငံနယ်နိမိတ်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တာချီလိတ်မြို့၊ စံလင်းဖြိုးမှ တာဝန်ယူဆောင်ရွက်နေသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် နေရပ်ပြန်များ ထားရှိနိုင်ရန် အဆောက်နှင့် နေရာထိုင်ခင်းများ၊ အခန်းဖွဲ့ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။

 

အဆိုပါ နေရပ်ပြန်များထားရှိနိုင်ရန်အတွက် Quarantine Center များကို ထိုင်းနိုင်ငံမှ ပြန်လာမည်ဆိုပါက မိုးကုတ်ရိပ်သာတွင် လူဦးရေ (၂၀၀)၊ အားကစားရုံတွင် လူဦးရ (၆၀) နှင့် လာအိုနိုင်ငံမှ ပြန်လာပါက ဝမ်လုံးတွင် (၁၀၀၀)၊ စံလင်းဖြိုးတွင် လူဦးရေ (၂၀၀) ဆံ့ နေရာထိုင်ခင်းများကို ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် အောင်မြတ်ခန်းမ၌ “ပန်းခင်း”စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်၍ အမှာစကား ပြောကြားရာတွင် “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရမည့် အရေအတွက်မှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူဦးရေ ၃ ဒမ ၈ သန်းကျော်ရှိပြီး စီမံချက်ကာလမှာ ၂၀၂၁ ခုနှစ်၊ မေလ (၃) ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ထိ (၁၈) လကြာ၊ တစ်နှစ်ခွဲ ဆောင်ရွက်ပေးမည်ဟု သိရှိရပါကြောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရန်၊ (၅၄၀၆၃) ဦးရှိသည့်အနက် စီမံချက်စတင်သည့်နေ့မှ ယနေ့ထိ ဆောင်ရွက်ပြီးစမှု အနေဖြင့် အိမ်ထောင်စု (၆၁၂၀) စု၊ လူဦးရေ (၂၇၀၃၃) ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၁၃၇) ဦးကို ဆောင်ရွက်ပေးနိုင်သည့် အတွက်ကြောင့် လုပ်ငန်းပမာဏ (၃၇ ဒသမ ၂၅) ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ ယနေ့အခမ်းအနားတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တာချီလိတ်မြို့နယ်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၅၀) ဦး၊ မိုင်းဖြတ်မြို့နယ်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၀၀) ဦး၊ မိုင်းယောင်းမြို့နယ်အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၉၇) ဦး၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်(၂)ခုပေါင်းက အိမ်ထောင်စု(၂၅၀)စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (၉၄၈) ဦးအတွက် ပေးအပ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပေးအပ်ရာ တာချီလိတ်မြို့၊ မိုင်းဖြတ်မြို့ ၊ မိုင်းယောင်းမြို့၊ မိုင်းဆတ်မြို့၊ မိုင်းတုံမြို့နယ် အသီးသီးရှိ ဒေသခံပြည်သူများမှ လက်ခံရယူပြီး ဒေသခံတိုင်းရင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

 

၎င်းနာက် တာချီလိတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ Oxygen Concentrator (၁၂) လုံး၊ PPE (၁၀၀) စုံ၊ Rubbing Alcohol (၁၂၀) နှင့် mask (၁၀၀၀၀) ထောက်ပံ့ငွေ ကျပ် (၁၀) သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းကပေးအပ်ရာ တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတင်အုန်းကျော်မှ လက်ခံရယူပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ နာယက တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်း Mask (၈၅၀၀) ခု၊ Surgical Grown (၁၅၀) ခု၊ Face Shiled (၂၀၀) ခု၊ လက်အိတ် (၇၀၀) ခု၊ Hand Gel (၉၅၀) ဘူးအား ထောက်ပံ့ပေးအပ်ရာ တာချီလိတ်ခရိုင်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာဝင်းခိုင်မှ လက်ခံရယူသည်။

 

ထို့နောက် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လည်းကောင်း၊ တက်ရောက်လာသည့် မြို့မိ၊ မြို့ဖများက ဒေသလိုအပ်ချက်များကို လည်းကောင်း တင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးချက်အပေါ် လိုအပ်သည်များ ဖြည့်စွက်ပြောကြားကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)