ရန်ကုန် ၂ အောက်တိုဘာ

 

မဲခေါင်မြစ်ဝှမ်း နိုင်ငံများမှ သံဃာတော်များ၏ ဒုတိယအကြိမ်မြောက် ဓမ္မယထရ ခရီးစဉ် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည်။

 

ညှိနှိုင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့်နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာ ခင်ရွှေနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ခရီးစဉ်နှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းကြသည်။

 

အဆိုပါ ခရီးစဉ်သည် ထိုင်းနိုင်ငံ၊ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းတို့ ပူးပေါင်းစီစဉ်သည့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများမှ ဗုဒ္ဓဘာသာ ရဟန်းတော်များ၏ ဒုတိယအကြိမ်မြောက် ဓမ္မယထရခရီးစဉ်ဖြစ်ပြီး အောက်တိုဘာ ၁၄ ရက်မှ ၃၁ ရက်အထိ ဖြစ်ကြောင်း၊ ဓမ္မယထရ ခရီးစဉ်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ သံဃာတော်များ ပါဝင်မည်ဖြစ်ပြီး ခရီးစဉ် စတင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ထိုင်းနိုင်ငံ၊ ချင်းရိုင်မြို့၌ အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ခရီးစဉ်အတွင်း ရှမ်းပြည်နယ်၊ အရှေ့ပိုင်းတာချီလိတ်နှင့် ကျိုင်းတုံမြို့များတွင် အောက်တိုဘာ ၁၆ ရက် မှ အောက်တိုဘာ ၁၈ ရက်အထိ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဗုဒ္ဓဂါယာမှ ယူဆောင်လာသော မဟာဗောဓိညောင်ပင်များ စိုက်ပျိုးခြင်းစသော အခမ်းအနားများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

လင်းလင်း