ရန်ကုန် ၃၀ အောက်တိုဘာ
မြန်မာ ၊ ထိုင်း၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား ၊ လာအို နိုင်ငံများမှ သံဃာတော်များ ပါဝင်သည့် မဲခေါင်မြစ်ဝှမ်း ငါးနိုင်ငံ၏ ဒုတိယအကြိမ်မြောက် ဓမ္မယထရခရီးစဉ် ပိတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ Phokeethra Ballroom, Sofitel Angkor Phokeethra Golf and Spa Siem Reap ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ပိတ်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံမှ သံဃနာယက ဥက္ကဌ ဆရာတော် ကြီးနှင့် သံဃာတော်များ၊ နိုင်ငံငါးနိုင်ငံမှ သံဃာတော်များ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်း နိုင်ငံတို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း(ဗဟို)ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဗောဓိညောင်ပင်စိုက်ပျိုးခြင်းနှင့် ဆွမ်းဆန်းစိမ်းလောင်းလှုခြင်း တို့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှ သံဃာတော် အပါး (၄၇၀)၏ ဒုတိယအကြိမ်မြောက် ဓမ္မယထရ ခရီးစဉ်အား အောက်တိုဘာ ၁၅ ရက်က ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်တွင် ဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပြီး အောက်တိုဘာ ၁၆ ရက် နှင့် ၁၇ ရက်တို့တွင် တာချီလိတ်နှင့် ကျိုင်းတုံမြို့တို့တွင် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ဗုဒ္ဓဂါယာမှပင့်ဆောင်လာသည့် ဗောဓိညောင်ပင်စိုက်ပျိုးခြင်းတို့ကို ကျင်းပခဲ့သည်။
အဆိုပါ ဓမ္မယထရခရီးစဉ်အား မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာ အဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)ဥက္ကဋ္ဌနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့က ပူးပေါင်းစီစဉ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရ သည်။
(သတင်းနှင့်ဓာတ်ပုံ/လင်းလင်း)
