၃၀ ဧပြီ
ကမ္ဘာမှာ တတိယအကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ဧပြီ ၁၇ ရက်နေ့က သမ္မတနဲ့ လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ လူပေါင်း ၁၉၂.၈ သန်းဟာ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းက ကျွန်းပေါင်း တစ်သောင်းခုနစ်ထောင်မှာရှိတဲ့ မဲရုံပေါင်း ရှစ်သိန်းကျော်မှာ မဲပေးခဲ့ကြပါတယ်။

ရွေးကောက်ပွဲလုပ်သား ၆ သန်းလောက် ပါဝင်လုပ်ကိုင်ခဲ့ပေမယ့် မနေ့က (ဧပြီ ၂၉) အထိ လူပေါင်း ၃၁၁ ဦး ဟာ ပင်ပန်းနွမ်းနယ်ပြီး သေဆုံးကြ သလို နှလုံးရောဂါကြောင့်လည်း သေဆုံးခဲ့ကြောင်း၊ လူပေါင်း ၂၂၃၂ ဦးဟာ နာမကျန်းဖြစ်နေကြောင်း အမျိုးသားရွေးကောက်ပွဲကော်မရှင် (KPU) က ပြောပါတယ်။
အမျိုးသားရွေးကောက်ပွဲကော်မရှင် (KPU) ဥက္ကဋ္ဌက သေဆုံးမှု အပေါ် အင်ဒိုနီးရှားတက္ကသိုလ်က ဆေးကျောင်းသူကျောင်းသားတွေက သေဆုံးမှုဟာ အလုပ်အရမ်းများပြီး ဝန်ပိ သေဆုံးသလား သို့မဟုတ် စိတ်ဖိစီးလို့ သေဆုံးသလားဆိုတာကို လေ့လာသွားမယ်လို့ပြောပါတယ်။

ဂျာကာအနောက်ပိုင်းက ဒူရီပြည်နယ် မြောက်ပိုင်းက အသက် (၅၁ နှစ်အရွယ်) သေဆုံးသူ မဲရုံဝန်ထမ်း အန္နဝါရီရဲ့ သမီးဖြစ်သူကတော့ အလုပ်တွေ တအားများလွန်းလို့ သူ့အဖေ သေဆုံးကြောင်း သတင်းဌာနတွေကို ပြောပါတယ်။ သူမရဲ့ အဖေဖြစ်သူဟာ မဲစာရွက်တွေကို စစ်ဆေးရတယ်။ မဲစာရွက်တွေကို ခေါက်ရတယ်။ အဲဒီမဲစာရင်းကို ဒေသခံတွေဝေပေးရတယ်။ ဒီအလုပ်တွေ မဲပေးရက် ဧပြီ ၁၇ မတိုင်မီ ၃ ရက်အလိုကတည်းက လုပ်ဆောင်ခဲ့ရတာဖြစ်တယ်။ နှလုံးရောဂါအခံရှိတဲ့ အဖေဖြစ်သူဟာ မဲပေးတဲ့နေ့မှာ အိမ်ကို ခဏနားဖို့ ပြန်လာချိန်မှာ ခြေထောက်တွေက ယောင်ပြီး နာကျင်ခံစားမှုမရှိသလိုဖြစ်တယ်။ မဲပေးပြီး ၁၀ ရက်အကြာမှာ ဆေးရုံတင်လိုက်ရပြီး မနေ့(ဧပြီ ၂၉) ရက်နေ့က သေဆုံးကြောင်း ပြောပါတယ်။
မေ ၂၂ ရက်နေ့မှာ ရွေးကောက်ပွဲရဲ့ နောက်ဆုံးရလဒ်ကို ကြေငြာမှာဖြစ်ပါတယ်။ အစောပိုင်း ရွေးကောက်ပွဲရလဒ်တွေအရ လက်ရှိသမ္မတ ဂျိုကို ဝီဒိုဒိုဟာ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်းကို သေချာနေပြီဖြစ်ပါတယ်။
MDN
