ဗန်းမောက် ၂၄ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မံထုံကျေးရွာအုပ်စု မဲတောကျေးရွာ ကြိုးတံတား အထက်ပိုင်း၌ လွန်ခဲ့သော ရက်အနည်းငယ်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ချောင်းကမ်းပြိုကျပြီး သစ်ပင်ကြီးများ ချောင်းအတွင်း ပိတ်ဆို့နေကြောင်း မြို့နယ်သို့ တင်ပြလာသဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

 

မဲတောကြိုးတံတား အထက်ပိုင်းကမ်းပြိုနေမှုအပေါ် အချိန်မီ ပြုပြင်ထိန်းသိမ်းနိုင်ရေးကို ခရိုင်မှ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာအထောက်အကူပြုအဖွဲ့ အကူအညီ ရယူကာ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်နိုင်ရန်အတွက် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေ၊ ခရိုင်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းမြင့်အောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဌေးနှင့် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒေသခံပြည်သူများ တင်ပြလာမှုအပေါ် ကွင်းဆင်းစစ်ဆေးပြီး တိုင်းဒေသကြီး အစိုးရထံ ဘတ်ဂျက်တောင်းခံကာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးနိုင်ရေး အတွက် တင်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စွာ(ဗန်းမောက်)