မန္တလေး ၁၄ ဇန်နဝါရီ
မန္တလေးမြို့ထိပ်တန်း Gym & Fitness Center များ တစ်စုတစ်ဝေးတည်းတွေ့ရမည့် အထက်မြန်မာပြည်၏ Mandalay Fitness Festival ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁ ရက်မှ ၃ ရက်အထိ မန္တလေး မန္တလာသီရိ အားကစားကွင်း တွင် ကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်နေ့က ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ Mandalay Fitness Festival ပွဲတော်ကို KUM Entertainment မှဦးဆောင်၍ ENERVON-C ၏ အဓိကကူညီပံ့ပိုးမှုဖြင့် ပြိုင်ပွဲ၊ ပြပွဲ၊ ဆွေးနွေးပွဲ၊ ဖျော်ဖြေပွဲအစီအစဉ်များဖြင့် ကျင်းပမည်ဖြစ်ရာ ဇန်နဝါရီ ၁ ရက်မှ ၃ ရက်နေ့အထိ ပွဲများကို မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုအားပေးနိုင်မည်ဖြစ်သည်။
" မြန်မာနိုင်ငံမှာရှိတဲ့နာမည်ကျော် zumba instructors (ZIN လက်မှတ်ရ) ၉ဝ ရာခိုင်နူန်းလောက်က Zumba MaMa လို့အားလုံးက ချစ်စနိုးခေါ်ကြတဲ့ Calrolina Arias ကမွေးထုတ်ပေးခဲ့တာဖြစ်ပါတယ်။ MaMa ရဲ့မြန်မာနိုင်ငံမှာ ပထမဦးဆုံးပွဲ ဖြစ်တာကြောင့် ရန်ကုန် မန္တလေးနဲ့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က နာမည်ကျော် Zumba instructors အများအပြား လာရာက်ဝန်းရံကြမှာ ဖြစ်လို့ ပျော်စရာ Zumba party ပွဲကြီးတစ်ပွဲဖြစ်လာမှာ ဧကန်မလွဲပါဘဲ " ဟု ဦးဆောင်စီစဉ်သူ KUM Entertainment မှ K (ကေ) ကပြောသည်။
အဆိုပါပွဲတွင် Fitness Dance Competition ကို အားကစားနှင့်ကာယပညာဦးစီးဌာန လမ်းညွှန်မှုဖြင့် ပူးပေါင်း ကျင်းပမည်ဖြစ်၍ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မန္တလေး (၇)မြို့နယ်မှ အသင်း(၁၄)သင်းနှင့် သီးသန့်အသင်းများပါဝင် မည်ဖြစ်ရာ Fitness Dance အကအဖွဲ့ပေါင်း ၂၀ ကျော် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်အဖွဲ့များထဲမှ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်သည့် အသင်း ၅ သင်းကိုရွေးချယ်၍ နောက်ဆုံးနေ့မှာ ဆုရွေးချယ်ပွဲကျင်းပမည်ဖြစ်သည်။
ဒုတိယနေ့တွင် Fitness Talk Show အဖြစ် ကျန်းမာရေးနှင့် Fitness ဆိုင်ရာအကြောင်းအရာများကို ဆရာဇေယျာထွန်းဖြူ (Rehab Trainer Educator)၊ ဒေါက်တာညီညီကျော်နှင့် အာရှနှင့်အရှေ့တောင်အာရှတို့မှာ ဆုရရှိထားသူ နန်းလောက်ခမ်းတို့မှ ဆွေးနွေးကြမည်ဖြစ်၍ ပညာရပ်ဆိုင်ရာများနှင့် သိလိုသည်များကို လွတ်လပ်စွာ မေးမြန်းနိုင်ကြမည်ဖြစ်သည်။
အဆိုပါပွဲတော်တွင် Fitness Fashion Show နှင့်အတူ ယနေ့ခေတ် trend ဖြစ်နေသော Fitness wear & sport wear များကို ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှသည့် မော်ဒယ်လေးများမှ ဝတ်ဆင်ပြသမည့်အစီအစဉ်၊ မျက်လှည့်ဖျော်ဖြေပွဲအစီအစဉ်၊ Dancer များ၏ အကအစီအစဉ်၊ နာမည်ကြီးတေးသံရှင်တစ်ဦး၏ သီဆိုဖျော်ဖြေမှု အစီအစဉ်များ ပါဝင်မည်ဖြစ်သည်။
ဖေဖော်ဝါရီ ၃ ရက်နေ့တွင် နောက်ဆုံးအဆင့် Fitness Dance အသင်း ၅ သင်းအား ပြိုင်ပွဲကျင်းပ၍ ဆုရွေးချယ် မည်ဖြစ်ရာ ဆုရအဖွဲ့များအား ပထမ ကျပ်ငါးသိန်း၊ ဒုတိယ ကျပ်သုံးသိန်း၊ တတိယ ကျပ်နှစ်သိန်းနှင့် နှစ်သိမ့်ဆုရ နှစ်သင်းအား ကျပ်တစ်သိန်းစီ ချီးမြှင့်မည်ဖြစ်ကြောင်း အဆိုပါသတင်းစာရှင်းလင်ပွဲမှ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)