ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်း (Mask)ချုပ်လုပ်မှု ပြိုင်ပွဲတွင် တီထွင်ဖန်တီးမှုအကောင်းဆုံး ဒုတိယဆုရရှိသူအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ချီးမြှင့်သည့် ဂုဏ်ပြု ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် Quarantine Center များတွင် စွမ်းစွမ်းတမံပါဝင်ကူညီခဲ့ကြ သည့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က နိုင်ငံတော်အစိုးရအနေဖြင့် Corona Virus Disease Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ ဝိုင်ဝန်းပူးပေါင်းပါဝင်မှုအားဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ Quarantine Center များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား နိုင်ငံတော်မှ ကာကွယ်ထိန်းချုပ်ကုသခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အခြေခံ အချက်အလက်များကို သိရှိစေရန်ရည်ရွယ်၍ ဆင့်ပွားသင်တန်းများကိုလည်း မြို့နယ်များအလိုက် ဖွင့်လှစ်သင်ကြား ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်းများအနေဖြင့် Quarantine Center များတွင် မိမိတို့၏ အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှုအကြံဉာဏ်များကို အခကြေးငွေမယူဘဲ မိမိတို့၏ ဆန္ဒအရ အများကောင်းကျိုးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးခဲ့ကြသည့်အတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ယခုကဲ့သို့ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ဂုဏ်ပြုရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး အိမ်တွင်းဖြစ် ပိတ်စနှာခေါင်းစည်း (Mask) ချုပ်လုပ်မှုပြိုင်ပွဲတွင် တီထွင် ဖန်တီးမှုအကောင်းဆုံး ဒုတိယဆုရရှိသူ ဦးခင်မောင်ဝင်းအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ချီးမြှင့်ပြီး ရင်ခွင်မဲ့ကလေးများ လျော့ချရေးနှင့် ကာကွယ် စောင့်ရှောက်ရေးအသင်း(နေပြည်တော်)၊ Nay Pyi Taw Covid-19 Volunteer Team (NCVT)၊ ရွှေပြည်တော်သို့ဆုံမှတ်၊ မြတ်ပါရမီနှင့် လူငယ်ရေးရာကော်မတီတို့မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင်များက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ Quarantine Center များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ယနေ့ကျင်းပသည့် အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း(၂၆)ဖွဲ့ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
ဇော်မင်းလွင်(ခရိုင်ပြန်/ဆက်)


