ကျောက်ပန်းတောင်း ၆ မေ
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့တွင် Mask မပါဘဲ အပြင်ထွက်သူများကို၊ “ခုဝယ်ခုတပ်” အစီအစဉ်ဖြင့် ပြန်လည်အသုံးပြုနိုင်သည့် အဝတ်နှာခေါင်းစည်းတစ်ခုလျှင် ၅၀၀ ကျပ်ဖြင့် ဝယ်ယူတပ်ဆင်စေသည့်စနစ်ကို ကျင်းသုံးလျက်ရှိရာ ယနေ့ ညနေပိုင်းအထိ ဦးရေ(၃၀)ခန့် ဝယ်ယူစေခဲ့ပြီး ပြည်သူများကလည်း ကြည်ဖြူစွာ ဝယ်ယူတပ်ဆင်ခဲ့ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် ကူးစက်ရောဂါထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူငယ်များ ပူးပေါင်း၍ ဘူတာ လမ်းဆုံမှနေ၍လည်းကောင်း၊ ညောင်ဦးလမ်းအဝင်တွင်လည်းကောင်း စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ Mask ပါ/မပါစစ်ဆေးခြင်း၊ နယ်ဝင်ကားများအား ယာဉ်မောင်းကိုယ်ရေးမှတ်တမ်း ရယူခြင်းများကို ဆောင်ရွက်လျက်ရှိပြီး Mask မပါဘဲ အပြင်ထွက်လာသူများကို “ခုဝယ်ခုတပ်” အစီအစဉ်ဖြင့် ကျင့်သုံးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယခုပြလုပ်သည့် “ခုဝယ်ခုတပ်” အစီအစဉ်ကို နေ့စဉ်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပြီး ရရှိလာသည့် ငွေများဖြင့် အဝတ်နှာခေါင်းစည်းများ ပြန်လည်ဝယ်ယူ၍ အချို့ကို လိုအပ်သည့်ကျေးရွာများသို့ အခမဲ့ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


