မအူပင် ဖေဖော်ဝါရီ ၁၁

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် တလုပ်လပ်ကျေးရွာတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ပြည်ပပို့ကုန်သီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးကို စိုက်ပျိုးလျက်ရှိကြောင်း၊ မအူပင်ခရိုင်အတွင်း ငရုတ်သီးစိုက်ပျိုးမှုအနေဖြင့် စိုက်ဧကပေါင်း ၆၆၆၁ ဧကရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

 

ငရုတ်သီးကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် မတ်လများတွင် ထွက်ရှိကြောင်း၊ မျိုးအနေဖြင့် မနီကမ်းတံဆိပ် ငရုတ်အမှည့် စိမ်းမျိုးများကို တစ်ဧကလျှင် မျိုးထုပ် ၂၂ ထုပ်ခန့် စိုက်ပျိုးရကြောင်း၊ မျိုးစေ့များကို ပျိုးထောင်ပြီး ၁၀ ရက်သားအရွယ်တွင် မြေချ၍ အတန်းလိုက် စနစ်တကျ စိုက်ပျိုးရကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် ငွေကျပ်သိန်း ၃၀ ခန့် ကုန်ကျပြီး ငရုတ်သီး ပိဿာချိန် ၃၂၀၀ -၃၅၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။

 

ဈေးကွက်အနေဖြင့် တောင်သူများမှ မအူပင်မြို့နယ် ချောင်းကြီးကျေးရွာနှင့် ရေလဲကျေးရွာရှိ ငရုတ်သီးဒိုင်သို့ တင်ပို့ရောင်းချကြပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချ၍ ရန်ကုန်မှတစ်ဆင့် ပြည်ပသို့ တင်ပို့ကြောင်း၊ ငရုတ်သီးစိုက်တောင်သူများသည် ပြည်ပဈေးကွက်ဝင် ငရုတ်အမှည့်စိမ်းမျိုးများကို စိုက်ပျိုးခြင်းဖြင့် ငရုတ်သီးဈေးနှုန်းကောင်းမွန်သောကြောင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း သိရသည်။

 

သတင်းရင်းမြစ် - စီးပွား/ကူးသန်း