မအူပင် ၂၇  မတ် 


ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့ အမှတ်(၁၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ သစ်လွင်ထူး မြန်မာ့ထမင်းဆိုင်တွင် မတ် ၂၆ ရက် ည ၈ နာရီအချိန်က နေအိမ်ဈေးဆိုင်အပေါ်ထပ် ဘုရားစင်တွင် ပူဇော်ထားသော အလှဆင်လျှပ်စစ်မီးဆိုင်းမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်လွင် ဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ၊ မီးသတ်ယာဉ် (၄)စီး၊ ရေသည်ယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၁)စီးတို့ဖြင့် ပူးပေါင်းပြီး မီးငြှိမ်းသတ်ရာ ည ၈ နာရီခွဲခန့်တွင် မီးညွန့်ကျိုးကာ မီးငြှိမ်းသတ်နိုင်ခဲ့သည်။


မီးလောင်မှုကြောင့် အလျားပေ ၃၀၊ အနံပေ ၂၀ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၂)ထပ်နေအိမ် နှင့် တွဲလျက်အလျား(၂၅)ပေ၊ အနံ (၁၂)ပေရှိ သွပ်မိုး၊ မြေစိုက်၊ ကွန်ကရစ်ခင်းဆိုင်ခန်းတို့  မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ 


အခြားလူနှင့်တိရိစ္ဆာန် သေကြေပျက်ဆီးမှု မရှိကြောင်းနှင့် မီးပေါ့ဆသုံးစွဲမှုကြောင့် အိမ်ရှင်အား မအူပင်မြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


အောင်မြင့်မြတ် (မအူပင်)