မအူပင် ၂၀ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊ ကျုံနတ္တော်ကျေးရွာ သီရိမင်္ဂလာ ရွာလယ် ကျောင်းတိုက်တွင် ကျေးလက်စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ အဆောက်အဦးသစ်ရှေ့၌ ကျင်းပခဲ့သည်။
မင်္ဂလာစာကြည့်တိုက် အဆောက်အဦသစ်ကို ကျုံနတ္တော်ကျေးရွာ သီရိမင်္ဂလာ ရွာလယ်ကျောင်း ဆရာတော် ဦးတေဇနိယ၏ ဦးဆောင်မှုဖြင့် မတည်အလှူရှင် ဦးမြစိုး ကျော်ကမ္ဘာ(မိသားစု) ရန်ကုန်နှင့် ကျေးရွာသူ ကျေးရွာသားများ စုပေါင်းထည့်ဝင်မှုဖြင့် သိန်း(၁၈၀)ကျော်တန်ဖိုးရှိ RC တစ်ထပ် အဆောက်အဦးအား ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စာကြည့်တိုက် အဆောက်အဦသစ်ကို ကျုံနတ္တော် ရွာလယ်ကျောင်းဆရာတော် ဦးတေဇနိယ၊ ညောင်ပင်ဂရက် ဆရာတော်ဦးပညာဓိက၊ မြို့နယ် ပြန်/ဆက်ဦးစီးမှူး ဦးအာကာဦးနှင့် မြို့နယ် လက်ထောက် ပညာရေးမှူး ဦးမြင့်ဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)


