မအူပင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်

မအူပင် ၂၀ ဧပြီ 

             ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများအား ဧပြီ ၂၀ ရက်နံနက်ပိုင်းက မြို့ရှောင်လမ်းဘေးရှိ ရတနာကောင်းကင် စက်သုံးဆီအရောင်းဆိုင်ဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

             ရှေးဦးစွာ မအူပင်မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူးဦးဇော်မျိုးဌေးက မီးဘေးအန္တရာယ် မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်ရခြင်း၏ သဘောတရားများ၊ မီးသတ်ဆေးဘူးအသုံးပြု နည်းများ၊ မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံးမီးငြှိမ်းသတ်နည်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မီးသတ်ဝန်ထမ်းများနှင့် စက်သုံးဆီအရောင်းဆိုင်ဝန်ထမ်းများပူးပေါင်း၍ လက်တွေ့မီးငြှိမ်းသတ်နည်းများအား သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

              ၎င်းနောက် မြို့နယ်မီးသတ်ဦးစီးမှူးဦးဇော်မျိုးဌေးနှင့်အဖွဲ့သည် စက်သုံးဆီအရောင်းဆိုင်အတွင်း မီးဘေး အန္တရာယ်ကြုံတွေ့လာပါက ကြိုတင်ဆောင်ရွက်ထားရှိမှုများအား စမ်းသပ်စစ်ဆေးခဲ့ကြပြီး လိုအပ်သည် များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။                                                                                                                                                   

                                                                                                                     အောင်မြင့်မြတ်(ပြန်/ဆက်)