မဘိမ်း ဩဂုတ် ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အခြားမြို့နယ်များမှ ပြန်လည်ရောက်ရှိလာသည့် စောင့်ကြည့်ရမည့် သူများအား သီးခြားစောင့်ကြည့်မှုများ ဆောင်ရွက်နိုင်ရန်အတွက် မဘိမ်းမြို့ အခြေခံပညာ အထက်တန်းကျောင်းအား Quarantine Centre အဖြစ် ယာယီပြင်ဆင်ခြင်းကို ယနေ့နံနက် ၁ဝ နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ Quarantine Centre ယာယီပြင်ဆင်ထားရှိခြင်းဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ မဘိမ်းမြို့ အခြေခံပညာ အထက်တန်းကျောင်းရှိ စာသင်ခန်း ၄ ခန်းအား ယာယီပြင်ဆင် ဆောင်ရွက်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညိမ်းသူအောင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ စာသင်ခန်းများအတွင်း နေရာထိုင်ခင်းများ ပြင်ဆင်ဆောင်ရွက်ခြင်း၊ သန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်မီးများ သွယ်တန်းခြင်း၊ သောက်သုံးရေ ရရှိရေးနှင့် ရေချိုးမည့်နေရာများအား ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)