မဘိမ်း ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများ ကျောင်းနေပျော်၍ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၂၂ ရက် ညနေ ၂ နာရီအချိန်ကစ၍ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
အားကစားပြိုင်ပွဲများတွင် မဘိမ်းမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းအောက်အဆင့် ကျောင်းသား၊ ကျောင်းသူများအား ပူဖောင်းနင်းပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ မူလတန်းအထက်အဆင့်၌ ထုပ်ဆီးတိုးပြိုင်ပွဲနှင့် ဂုန်နီအိတ်စွပ်(ကျား+မ) ပြိုင်ပွဲများကိုလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ဂုန်နီအိတ်စွပ် (ကျား)၊ ထုပ်ဆီးတိုး(မ)၊ လွန်ဆွဲ(ကျား+မ) အသင်းလိုက်ပြိုင်ပွဲများကိုလည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် လွန်ဆွဲ(ကျား+မ) အသင်းလိုက်ပြိုင်ပွဲ စသည့်အားကစား ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ ပျော်ရွှင်စွာ ကျင်းပပေးသွားမည်ဖြစ်ပြီး ဆုရရှိသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မူဝင်းထံမှ သိရသည်။
မျိုးမင်း (ပြန်/ဆက်)