မဘိမ်း ၁၉ ဇွန် 


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့ ကုန်းခါးရပ်ကွက်ရှိ မြို့နယ် အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှစတင်၍ ဆောင်ရွက်လျက် ရှိရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။


အဆိုပါ မဘိမ်းမြို့ မြို့နယ်အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၇၇ ဒသမ ၃၈ သန်းဖြင့် Ever Ready   ကုမ္ပဏီ က ဘောလုံးကွင်း မြေညှိခြင်း၊ အရှည်ပေ ၁၅၀ဝ၊ အမြင့် ၆ ပေရှိ အတွင်းစည်း(INNER FENCE)ကာရံခြင်းနှင့် အလျားပေ ၁၀ဝ၊ အနံ ၃၀ ပေ၊ အမြင့် ၂၅ ပေ ရှိ  RCC သံကူကွန်ကရစ် ပွဲကြည့်စင်ဆောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။ ထို့အပြင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူးရုံး အဆောက်အအုံကိုလည်း တည်ဆောက်ပေးသွား မည်ဖြစ်ကြောင်း တာဝန်ယူဆောင်ရွက်သည့် Ever Ready Co,Ltd. မှ တာဝန်ခံ အင်ဂျင်နီယာဦးကျော်သူရ  ထံမှသိရသည်။


အဆိုပါ အားကစားကွင်းကို ၁၉၈၉ ခုနှစ်တွင် လူထုလုပ်အားဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပြည်နယ် အား/ကာဦးစီးဌာန၏ မီနီဘတ်ဂျက်ရန်ပုံငွေဖြင့် အားကစားကွင်း အုတ်တံတိုင်းကာရံခြင်းနှင့် Outdoor Fitness တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုဆောင်ရွက်လျက်ရှိသည့် အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ပြီးစီးပါက မဘိမ်းမြို့နယ် အားကစား ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းလွင် က ပြောကြားသည်။


ထိန်လင်းဦး(ပြန်/ဆက်)