မြစ်ကြီးနား ဇူလိုင် ၂၅
ဧရာဝတီမြစ်အဖြစ် စတင်မြစ်ဖျားခံစီးဆင်းရာ မေခနှင့် မလိမြစ်ပေါင်းဆုံရာဒေသဖြစ်သည့် မြစ်ဆုံဒေသအား မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဒ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၏ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုများအပေါ် တွေ့ရှိချက်များ၊ အကြုံပြုချက်များနှင့် သဘောထားမှတ်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ရာ ဧရာဝတီ မြစ်ဆုံဒေသအား ခရီးသွားပြယုဒ်တစ်ခု အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြစ်ဆုံဒေသ၏ ရှိရင်းစွဲ မူလသဘာဝအလှအပများကို ပျက်စီးဆုံးရှုံးမှု မရှိစေဘဲ သန့်ရှင်းသပ်ရပ်စွာဖြင့် ပြည်တွင်း/ ပြည်ပခရီးသွားများ ဆွဲဆောင်နိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” မှာကြားသည်။
ဆက်လက်၍ ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းစဉ်များအသင်း ဥက္ကဋ္ဌ ဦးတူးခေါင်၊ ပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခိုင်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေ/ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အသီးသီး သုံးသပ်ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဧရာဝတီမြစ်ဆုံဒေသသည် မြစ်ကြီးနားမြို့နှင့် ၂၈ မိုင်ခန့်ကွာဝေးပြီး မော်တော်ယာဉ်ဖြင့် သွားမည်ဆိုပါက ၁ နာရီခွဲကျော် အချိန်ကြာမြင့်သည့်အတွက် ခရီးသွားများ လွယ်ကူစွာသွားလာနိုင်ကြောင်း သိရသည်။ ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြစ်ဆုံဒေသ အဆင့်မြှင့်တင်ဆောင်ရွက်ရာ၌ ပထမ (၅)နှစ်တာကာလအတွင်း မြစ်ဆုံသွားလမ်းနှင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ် (ပြည်ထောင်စုလမ်းမကြီး) လမ်းဆုံနေရာတွင် ကချင်တိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်၊ အထိမ်းအမှတ်များ ပါဝင်သည့် မုခ်ဦးတည်ဆောက်ခြင်း၊ မြစ်ဆုံသွားလမ်း အဆင့်မြှင်တင် ခင်းကျင်းဆောင်ရွက်ခြင်း၊ မြစ်ဆုံဧရိယာအတွင်း ကျယ်ဝန်းသည့် ကားပါကင် တည်ဆောက်ခြင်း၊ ဟောခန်းမ၊ ရိုးရာစားသောက်ဆိုင်၊ မြစ်ဆုံကျောက်ဖြင့် အလှဆင်ခြင်းလုပ်ငန်း ဖော်ထုတ်ပြသခြင်း၊ မြေယာရှုခင်းပြုပြင်၍ အလှပန်းဥယျာဉ်ဆောင်ရွက်ခြင်းနှင့် ကလေးကစားကွင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)