မြစ်ကြီးနား ဇူလိုင် ၂၆

 

ဧရာဝတီမြစ်အဖြစ် စတင်မြစ်ဖျားခံစီးဆင်းရာ မေခနှင့် မလိမြစ်ပေါင်းဆုံရာ ဒေသဖြစ်သည့် မြစ်ဆုံဒေသအား မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဂ်တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်အတွက် စီမံဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၏ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့မှုများအပေါ် တွေ့ရှိချက်များ၊ အကြုံပြုချက်များနှင့် သဘောထားမှတ်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ ရေမြေတောတောင် သဘာဝအလှများကို အခြေခံ၍ ပြည်တွင်း/ ပြည်ပ ခရီးသွားများကို ဆွဲဆောင်နိုင်ရေး ရှိရင်းစွဲခရီးစဉ်ဒေသများအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ခရီးစဉ်ဒေသများကို စနစ်တကျ ရေးဆွဲအကောင်အထည်ဖော်ပြီး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ရာ ဧရာဝတီမြစ်ဆုံဒေသအား ခရီးသွားပြယုဂ်တစ်ခု အဆင့်မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြစ်ဆုံဒေသ၏ ရှိရင်းစွဲ မူလသဘာဝအလှအပများကို ပျက်စီးဆုံးရှုံးမှု မရှိစေဘဲ သန့်ရှင်းသပ်ရပ်စွာဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားများ ဆွဲဆောင်နိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

ဆက်လက်၍ ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းစဉ်များအသင်း ဥက္ကဋ္ဌ ဦးတူးခေါင်က မြစ်ဆုံခရီးစဉ်ဒေသအတွက် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ပထမ (၅)နှစ်တာ ကာလနှင့် ဒုတိယ (၅)နှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများကို လည်းကောင်း၊  ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးခိုင်ဦးက မြစ်ဆုံခရီးစဉ်ဒေသ အဆင့်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာပေါင်းစုံ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ ဇူလိုင် ၁၆ ရက်က ကွင်းဆင်းစစ်ဆေးခဲ့သော တွေ့ရှိချက်များ၊ အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များကို ပါဝါပွိုင့်ဖြင့် လည်းကောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေ/နည်းဥပ‌ဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အသီးသီး သုံးသပ်ရှင်းလင်းတင်ပြကြသည်။

 

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ဆုံဒေသသည် ပြည်နယ်၏ ပြယုဂ်တစ်ခုဖြစ်သကဲ့သို့ ပြည်ထောင်စု၏ ပြယုဂ်တစ်ခုလည်းဖြစ်သည့်အတွက် လုပ်ငန်းစီမံကိန်းများကို အပိုင်းအလိုက် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ကြရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ ဧရာဝတီမြစ်ဆုံဒေသသည် မြစ်ကြီးနားမြို့နှင့် (၂၈)မိုင်ခန့်ကွာဝေးပြီး မော်တော်ယာဉ်ဖြင့် သွားမည်ဆိုပါက (၁)နာရီခွဲကျော် အချိန်ကြာမြင့်ဖြစ်သဖြင့် ခရီးသွားများ လွယ်ကူစွာသွားလာနိုင်သည့်အပြင် ယနေ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြစ်ဆုံဒေသ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပထမ (၅)နှစ်တာကာလအတွင်း မြစ်ဆုံသွားလမ်းနှင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ် (ပြည်ထောင်စုလမ်းမကြီး) လမ်းဆုံနေရာတွင် ကချင်တိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်၊ အထိမ်းအမှတ်များ ပါဝင်သည့် မုခ်ဦးတည်ဆောက်ခြင်း၊ မြစ်ဆုံသွားလမ်း အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်ခြင်း၊ မြစ်ဆုံဧရိယာအတွင်း ကျယ်ဝန်းသည့် ကားပါကင်တည်ဆောက်ခြင်း၊ ဟောခန်းမ၊ ရိုးရာစားသောက်ဆိုင်၊ မြစ်ဆုံကျောက်ဖြင့် အလှဆင်ခြင်းလုပ်ငန်း ဖော်ထုတ်ပြသခြင်း၊ မြေယာရှုခင်းပြုပြင်၍ အလှပန်းဥယျာဉ် ဆောင်ရွက်ခြင်းနှင့် ကလေးကစားကွင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)