မြင့်မြတ်
နှစ်ထောင်ချီကြာ အရှေ့အလယ်ပိုင်းသမိုင်းနဲ့အတူ ရှည်လျားလှတဲ့ အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခ အဆိုးသံသရာအောက်မှာ ကွဲပြားနေတဲ့ အစွန်းရောက် အမြင်တွေနဲ့ သံသယအာဃာတတွေကြောင့် တစ်ကျော့ပြန် ထတောက်ခဲ့တဲ့စစ်မီးဟာ ၂၅ ရက် ရှိသွားခဲ့ပါပြီ၊၊
အစ္စရေးဘက်ကကော ပါလက်စတိုင်းဘက်ကပါ မပြီးနိုင်တဲ့ဆိုးမွေတွေကို မျိုးဆက်တွေထံ အတိုင်းအဆမရှိ မျှဝေဆဲပါ။ ယခုတစ်ကြိမ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တို့ စလိုက်တဲ့ ဇာတ်လမ်းကစပြီး အသိမဲ့ရက်စက်တဲ့လုပ်ရပ်များစွာနဲ့ ခါးသီးလှတဲ့ အကျိုးဆက်တွေကို အပြစ်မရှိတဲ့ အရပ်သား ကလေး၊ သက်ကြီးရွယ်အို အားလုံး အပြင်းအထန်ခံစားနေကြရပါပြီ။ အမှန်က ပါလက်စတိုင်းလူမျိုးအားလုံးဟာ ဟားမတ်စ်တွေကို ကိုယ်စားပြုနေတာမဟုတ်ပါဘူး။
ပါလက်စတိုင်းတို့ရဲ့ ideology ကိုက လွတ်လပ်သော ပါလက်စတိုင်း - အစ္စရေး နှစ်နိုင်ငံယှဉ်တွဲနေထိုင်ရေးမူကို အထိုင်ထားပြီး ဟားမတ်စ်တို့ရဲ့ရည်မှန်းချက်ကတော့ အစ္စရေးနိုင်ငံ လုံးဝပျက်သုဉ်းရေးပါ။ နိုင်ငံတကာမှာ ထားရှိသင့်တဲ့တရားမျှတမှု၊ လုံခြုံ ရေးအရ စိုးရိမ်ရမှုတွေကို အပြန်အလှန်အသိအမှတ်ပြုခြင်း၊ တစ်ဦးရဲ့တရားဝင်တည်ရှိမှုကို တစ်ဦးကအပြန်အလှန်အသိအမှတ်ပြုခြင်းဆိုတဲ့ ပကတိ ရှိရမယ့်အရှိတရားတွေကို မျက်ကွယ်ပြုပြီး အစွန်းရောက်အစွဲတွေရှိနေသမျှ၊ အမြော်အမြင်မရှိ လုပ်သင့်သလား၊ မလုပ်သင့်သလား ပိုင်းခြားအသိ အမှတ်ပြုတတ်တဲ့ ပညာဉာဏ်တွေကင်းနေသမျှ ဘယ်တော့မှမငြိမ်းချမ်းဘူးဆိုတာ ကမ္ဘာ့သမိုင်းမှာ ယခင်ကလည်းပြခဲ့၊ ယခုလည်းပြသဆဲပါပဲ။
နည်းပညာကို ဖောဖောသီသီ ကိုင်ထားနိုင်ပေမယ့် အသိနဲ့ ကိုယ်ချင်းစာတရား မဖွံ့ဖြိုးတဲ့ ခေါင်းဆောင် တချို့ကြောင့် ကမ္ဘာကြီးရဲ့အနာဂတ်က မသေချာ၊ မရေရာ အခြေအနေရောက်ရပါတယ်။ အတိတ်က သမိုင်းသင်ခန်းစာမယူနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ်သာ ချစ်တတ်တဲ့ ခေါင်းဆောင်တွေကြောင့်လည်း ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုကင်းမဲ့လာရခြင်းဖြစ်ပါတယ်။ ဒီလူတွေဟာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဆက်စပ်မှုကို မသိလောက်အောင် အတွေးတိမ်နေကြသူတွေပါ။ သူတို့ ဒီနေ့လုပ်ရပ်တွေဟာ အနာဂတ်အတွက် အကျိုးဆက်ဖြစ်မှာကို မသိသလိုဘဲ အနာဂတ်ကာလရောက်ရင် သူတို့ဒီနေ့လုပ်ရပ်တွေဟာ အတိတ်သမိုင်း ဖြစ်သွားမယ်ဆိုတာလည်း မေ့နေပုံရပါတယ်။ အနာဂတ်အတွက် ဆိုးမွေတွေ ထားခဲ့တဲ့ သမိုင်းတရားခံတွေ ဖြစ်မှန်းမသိဖြစ်နေပုံကို မသိနိုင်လောက်အောင် အသိခေါက်ခက် အဝင်နက်နေကြသူတွေပါ။
သမိုင်းအမွေဆိုးပေးသူတွေကြောင့် ကမ္ဘာ့ပဋိပက္ခအထိဖြစ်ပေါ်လာနိုင်
ခံစားမှုကိုရှေ့တန်းတင်၊ အယူမှား၊ အသိမှားသူတွေကြောင့် ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာနယ်မြေဟာ ဖွတ်ဖွတ်ညက်ညက်ကြေနေပါပြီ။ စာရေးသူအနေနဲ့ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုမှန်သမျှကို အသိမဲ့ပြုမူမှုလို့ သုံးနှုန်းချင်ပါတယ်။
ပါလက်စတိုင်းတွေကို မူလဇာတိ ဂါဇာနယ်မြေကနေ အီဂျစ်ဆိုင်းနိုင်းသဲကန္တာရဆီ အတင်းအဓမ္မ မောင်းထုတ်ခြင်း၊ စားရေရိက္ခာ၊ ဆေးဝါး၊ လောင်စာဖြတ်ထားခြင်း၊ ဂါဇာဒေသကို ဖုန်း၊ အင်တာနက် အကုန်ဖြတ်တောက်ပြီး ပြင်ပနဲ့အဆက်အသွယ် ဖြတ်ခြင်း၊ အရပ်သားမှန်းမသိ၊ ရန်သူမှန်းမသိ ရမ်းသန်းဗုံးကြဲ၊ ဆေးရုံမှန်း၊ ဒုက္ခသည်စခန်း မှန်းသိလျက်နဲ့ တမင်ဗုံးကြဲခြင်း၊ ရက်ပိုင်းရက်သား မွေးကင်းစပါမကျန် ကလေးတွေကို ပစ်မှတ်ထား၊ မျိုးဆက်ပြတ်အောင် အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်ခြင်း၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့၊ အပစ်အခတ်ရပ်စဲဖို့နဲ့ လူသားချင်းစာနာတဲ့ အကူအညီ တွေ ပေးခွင့်ပြုဖို့ ကုလသမဂ္ဂရဲ့ အများသဘောတူ ဆုံးဖြတ်ချက်ကို မဖြစ်မနေလိုက်နာရမယ့်အစား ကမ္ဘာ့မိသားစုကို အာခံပြီး စစ်ဆင်ရေးဒုတိယအဆင့်ကို ထပ်ပြီးဆင်နွှဲနေခြင်းဟာဖြင့် နောက်ထပ်အရပ်သားတွေ ထောင်ချီသေဆုံးနိုင်တဲ့ လူသားမဆန်တဲ့ လူမဟုတ်သူတွေရဲ့ လုပ်ရပ်ပဲလို့ ဝေဖန်ကြတာလည်း မဆန်းပါဘူး။
သေသူတွေကို ဘယ်သူဘယ်ဝါမှန်းမသိ မြေမြှုပ်နေရတဲ့အဖြစ်၊ လူတွေဟာ ကိုယ်သေသွားခဲ့ရင် မည်သူမည်ဝါမှန်းသိရအောင်၊ သင်္ဂြိုဟ်လို့ရအောင် တင်ကြိုလက်ပတ်ပတ် အမှတ်အသားလုပ်ထားကြ ရတယ်လို့ဆိုပါတယ်၊၊ ယခု အစ္စရေး - ဟားမတ်စ် ပဋိပက္ခကကမ္ဘာကြီးကိုပါ နှစ်ခြမ်းကွဲသွားစေပါတယ်။ ဘာသာရေးပါ ကွဲကုန်ရင်တော့ နောက်ပြန်လှည့်လို့ မရနိုင်တဲ့ တကယ့်အကြီးစား ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခကြီးအဖြစ် ပြောင်းသွားနိုင်တဲ့အခြေအနေပါ၊၊
လက်ရှိမှာကို အမေရိကန်နဲ့ အစ္စရေးကို ရွံရှာမုန်းတီးပြီး အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ ပါလက်စတိုင်းကို ထောက်ခံတဲ့၊ ပါလက်စတိုင်းတို့နဲ့ သွေးစည်းညီညွတ်ကြောင်းပြသတဲ့ ဆန္ဒပြလှုပ်ရှားမှုများစွာ တွေ့မြင်နေကြရပါပြီ။ အရှေ့ အလယ်ပိုင်းမှာ အမေရိကန်လှုပ်တာနဲ့ ဥရောပမှာ အကြမ်းဖက်မှုဖြစ်လာနိုင်တဲ့ အနေအထားတွေကို ဥရောပနဲ့ အမေရိကန်ခေါင်းဆောင်တွေ မတွက်ချင်ဘဲ တွက်ဆနေရပြီ။
ဟားမတ်စ် - အစ္စရေးစစ်မှာ အစ္စရေးဘက်က သိသိသာသာပါနေတာက အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဩစတြေးလျနဲ့ အနောက်အုပ်စုနိုင်ငံတွေ ဖြစ်ပါတယ်၊၊ အကယ်၍ စစ်က တာရှည်သွားရင် အပစ်အခတ်ရပ်စဲရေးကို ဗီတိုသုံးပယ်ချခဲ့တဲ့ အမေရိကန်နဲ့ အနောက်အုပ်စုမှာသာ တာဝန်ရှိတဲ့သဘော ဖြစ်သွားပါလိမ့်မယ်။ ဟားမတ်စ်ဘက်မှာ တော့ ပါလက်စတိုင်းအရေးလို သဘောထားတဲ့ အီရန်၊ ဟစ်ဇ်ဘိုလာနဲ့ ရေနံထွက် အစ္စလာမ္မစ်နိုင်ငံအားလုံးက ပါလက်စတိုင်းဘက်က ပါနေပါတယ်။
ယခုနောက်ပိုင်းမှာ အစ္စလာမ်ကမ္ဘာကို ဦးဆောင်မယ့်နိုင်ငံဟာ အစ္စရေးကို စစ်ရာဇဝတ်ကောင် တံဆိပ်တပ်ထားတဲ့ တူကီယဲဖြစ်လာနေပြီး အီရန်နဲ့ တူကီယဲ၊ ကျန်အာရပ်နိုင်ငံတွေပါ ပူးပေါင်းပါဝင်လာရင် ဒေသတွင်းစစ်ပွဲကြီးအဖြစ်ပါ ကျယ်ပြန့်သွားနိုင်တဲ့ အလားအလာကို တွေ့မြင်နေရပါတယ်၊၊ အမေရိကန်လူထုရဲ့ ဆန့်ကျင်အုံကြွမှုနဲ့ ရင်ဆိုင်နေရတဲ့ အမေရိကန်ဟာ နောက်ပိုင်းမှာ အစ္စရေးကို အပြစ်တင်လာပေမယ့် ဒါဟာနောက်ကျနေပြီဖြစ်ပြီး စကားလုံးတွေနဲ့ ဟန်ပြထိန်းချုပ်ရုံထက် မပိုလောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် အတိတ်ကဖြစ်ပျက်ခဲ့တဲ့ ပါလက်စတိုင်း - အစ္စရေးပြဿနာအဆက်ဆက်ကနေ ယခုလတ်တလောစစ်ဖြစ်ရတဲ့အထိ အခြေအနေအားလုံးဟာ နည်းမျိုးစုံနဲ့ အသတ်ဖြတ်ခံနေရတဲ့ ပါလက်စတိုင်းတွေအပေါ် မျက်ကွယ်ပြုခဲ့လွန်းတဲ့ အမေရိကန်ရဲ့ စစ်ရေးအရကော ကုလသမဂ္ဂစင်မြင့်မှာပါ အစ္စရေးဘက်လိုက်ကူညီပေးနေတဲ့ တစ်ဖက် စောင်းနင်းမူဝါဒနဲ့ ကမ္ဘာ့နိုင်ငံအားလုံးအပေါ် တစ်ပြေးညီမရှိတဲ့ double standard မူဝါဒတွေကြောင့်ပဲဖြစ်ပါတယ်။ ယခုနောက်ပိုင်း ဆိုးရွားလွန်း တဲ့ဖြစ်စဉ်တွေဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပါလက်စတိုင်းမျိုးဆက်နဲ့ ပါလက်စတိုင်းနယ်မြေကို အပြီးအပိုင် သုတ်သင်မှုပဲလို့ ယူဆသူတွေ များလာနေပါတယ်။
အမှားကိုအမှန်၊ အမှန်ကိုအမှား မီဒီယာစစ်ပွဲသဏ္ဌာန်
အောက်တိုဘာလ ၇ ရက်နေ့ ဖြစ်စဉ်ဟာ ဟားမတ်စ်တို့က စလိုက်တာကြောင့်ဆိုတာ မှန်ပါတယ်။ ဟားမတ်စ်တို့ကြောင့် အစ္စရေးဘက်မှာ စစ်သည်အပါအဝင် လူပေါင်း ၁၄၀၀ ကျော်ခန့် သေဆုံးခဲ့ရပြီး လူ ၂၃၀ ခန့် ဓားစာခံအဖြစ် အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအောက်မှာ အမြဲတမ်းရှိနေပါတယ်ဆိုတဲ့ လူ့ယဉ်ကျေး တွေပါဆိုတဲ့ လူတွေကြောင့် ပါလက်စတိုင်းသား ကလေးငယ် ထက်ဝက်ကျော်အပါအဝင် ၈၀၀၀ ကျော်အထိ သေဆုံးခဲ့ရပြီးဖြစ်တဲ့ နောက်ပိုင်းလုပ်ရပ်တွေကတော့ ဘယ်လိုမှတရားမျှတမှုမရှိ လူသားချင်းစာနာမှုတောင် နည်းနည်းမှမထောက်ထားနိုင်တဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အထိ ကျော်လွန်နေပြီဖြစ်တဲ့ လက်စားချေလုပ်ရပ်တွေအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်းက မြင်နေကြပါပြီ။
အနောက်အုပ်စုမီဒီယာတွေကကော ဘာထူးသလဲ။ တစ်ဖက်သတ်ပဲမဟုတ်ပါလား။ သူတို့ဖော်ပြ ချက်တွေထဲမှာ အစ္စရေးက အပြစ်မဲ့ ပါလက်စတိုင်း တွေကအပြစ်ရှိသူ၊ အစ္စရေးတွေရဲ့အသက်ကသာ လူ့အသက်၊ ပါလက်စတိုင်းတွေရဲ့ အသက်က လူ့အသက်တွေ မဟုတ်သယောင်၊ ကမ္ဘာကြီးမှာ အခြေအနေတွေက ပြောင်းပြန်တွေပါ၊ အနောက် တိုင်းမီဒီယာတစ်ခုရဲ့ အင်တာဗျူးတစ်ခုနဲ့ ပတ်သက်ပြီးလည်း ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားတဲ့ ပုံရိပ်တစ်ခု လည်းရှိပါသေးတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာလ ၂၀ ရက်နေ့က ကလက်ဆီယာဝဒ်ဆိုသူ CNN နိုင်ငံတကာ သတင်းထောက်အမျိုးသမီးတစ်ဦး အီဂျစ် - ပါလက်စတိုင်း နယ်စပ်ကပါလက်စတိုင်း ထောက်ခံဆန္ဒပြပွဲ သတင်းယူစဉ်၊ အီဂျစ်ဆန္ဒပြအမျိုးသမီးငယ်တစ်ဦးနဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့စဉ်မှာ ထိုအမျိုးသမီးက သတင်းထောက်ကို မီဒီယာနဲ့ကုလသမဂ္ဂကို လွှမ်းမိုးခြယ်လှယ်ပြီး အမှန်ကိုအမှား အမှားကိုအမှန်လုပ်၊ သူတစ်ပါး သြဇာခံရုပ်သေးရုပ်တွေလို တစ်ဖက်သတ်အာဘော်ကိုသာ ပြန်ပြီးဖောက်သည်ချ၊ လိမ်ညာနေတဲ့ အလိမ်အညာသမားတွေအဖြစ် အော်ဟစ်စွပ်စွဲခဲ့ပြီး ထိရှတဲ့စကားလုံးတွေနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာကို တွေ့ရပါတယ်။
ဒါကြောင့်ပဲ သတင်းထောက်ဟာ လူပုံအလယ်မှာ အရှက်ကွဲခဲ့ရတယ်။ သူဟာ မြန်မာနိုင်ငံမှာလည်း အင်တာဗျူးခဲ့ဖူးပြီး မြန်မာနိုင်ငံသတင်းတွေနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို ဖုံးကွယ်လိမ်ညာ သတင်းရေးသားတင်ဆက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ ဒီမိုကရေစီဆိုတာ ပါလက်စတိုင်းတွေအတွက်မဟုတ်၊ ကမ္ဘာတစ်ဝန်းက အဖိနှိပ်ခံတွေအတွက်တော့ အသံတိတ်နေတတ်ပြီး အနောက်နိုင်ငံတွေကိုသာ ကိုယ်စားပြုတယ်ဆိုတာ သူတို့ရဲ့ မီဒီယာလုပ်ရပ်တွေက သက်သေပြနေပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ အစ္စရေး - ပါလက် စတိုင်းအရေးဆွေးနွေးတဲ့ ကုလသမဂ္ဂအစည်း အဝေးမှာလည်း ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ စကားအမှန်ကို မကျေနပ်တဲ့ အစ္စရေးကိုယ်စားလှယ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်ကို နုတ်ထွက်ခိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်၊၊ ဆရာ့ထက် လက်ဇောင်းထက်တဲ့သူတွေများပြီး ဆရာတွေများတဲ့ သူဌေးကြီးတွေလက်အောက်က ကုလသမဂ္ဂကြီးကော ဘာများပြောနိုင်ပါဦးမလဲ။
တကယ်တော့ အစ္စရေး - ပါလက်စတိုင်းအရေးကနေ ကျွန်တော်တို့နိုင်ငံအတွက်လည်း သင်ခန်းစာ ယူစရာတွေအများကြီးပါ။ အမုန်းတွေကြောင့်ဖြစ်ရတဲ့ စစ်ရဲ့လက္ခဏာတွေကို သင်ခန်းစာယူနိုင်ရပါမယ်။ စစ်ပွဲတွေမှာ သေကျေခဲ့ကြရတဲ့ မိသားစုတွေက တစ်ဆင့် သားစဉ်မြေးဆက် မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ မကျန်စေချင်ပါဘူး။ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံအနောက်ဘက်ကျူးကျော်ခံရတဲ့ ဖြစ်စဉ်ကနေ အကျိုးဆက် ICJ မှာ ဖြေရှင်းနေရဆဲအခြေအနေတွေနဲ့ ဆင်တူတာတွေရှိသလို လိုက်နာကျင့်သုံးပုံ မတူတာတွေလည်း ရှိပါတယ်။ တစ်ဖက်က ရုတ်တရက်ကျူးကျော်တိုက်ခိုက်လာရင် ရေလိုမီးလိုကျင့်ပြီး ချက်ချင်းတုံ့ပြန်တိုက်ခိုက်နိုင်မှုမျိုးမှာလည်း ပညာယူသင့်တာတွေရှိနိုင်ပြီး သင်ခန်းစာ ယူသင့်တာလည်း ယူရမှာပါ။ ဒါပေမဲ့ အပြစ်မဲ့တဲ့ အရပ်သားတွေနဲ့ အရပ်ဘက်ဝန်ဆောင်မှုအခြေခံ အဆောက်အအုံတွေကို ပစ်ခတ်တိုက်ခိုက်မှုကနေ ရှောင်ရမှာကတော့ လူ့ယဉ်ကျေးတို့ရဲ့ ကိုယ်ကျင့် သိက္ခာနဲ့ဆိုင်ပါတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တွေဟာ မတူကွဲပြားမှုတွေကို အပြန်အလှန်အသိ အမှတ်ပြုနိုင်ကြရပါမယ်။ မူလပင်ကိုခြားနားမှုတွေကို နားလည်မှုပေးပြီး ကိုယ့်ထက်အားနည်းသူဘက်ကို ကိုယ်ချင်းစာစိတ်ထားပေးခြင်းဟာ လှပတဲ့ ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါတယ်၊၊
တစ်ခါတလေ စစ်ရေးအရ အသာရနေပေမယ့် နိုင်ငံရေးအရ ကမ္ဘာမှာ ရှုံးနိမ့်နိုင်ခြေကိုလည်း ထည့်သွင်းတွက်ချက်သုံးသပ်နိုင်ရပါမယ်။ အကယ်၍များ အစ္စရေး - ဂါဇာနယ်စပ်မှာလို အင်အားကြီးပြီး တစ်ဖက်သတ်လုပ်တတ်တဲ့ အိမ်နီးချင်းမျိုး ငါတို့ နားမှာရှိနေရင်ကောဆိုတဲ့အတွေးနဲ့ အားနည်းတဲ့ တစ်ဖက်ကိုလည်း လူသားချင်းစာနာမှုမျိုး ကိုယ်ချင်းစာစိတ်ထားသင့်သလို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားတွေ စုစုစည်းစည်းနဲ့ ကိုယ်ခံအင်အားကောင်းအောင် တည်ဆောက်ထားသင့်တယ်လို့သာ ယူဆပါတယ်။
အင်အားမရှိရင် နှိပ်ကွပ်ချင်ကြ၊ ဖိနှိပ်ချင်ကြတာ သဘာဝပါ။ စုစည်းမှုအင်အားနဲ့အတူ သူများကစား ကွက်ထဲအဝင်မခံ Game proxy အဖြစ်မခံ၊ နိုင်ငံရေး ဩဇာခံအဖြစ်မခံဘဲ ကိုယ့်နိုင်ငံကို တိုးတက်အောင်လုပ်နိုင်မယ့် ပညာဉာဏ် အမြော်အမြင်ကြီးတဲ့ ခေါင်းဆောင်မျိုးတွေ လိုအပ်ပါတယ်။ နောက်ဆုံးတော့ အိမ်နီးချင်းကောင်းပီသစွာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ၊ အပြန်အလှန်မစွက်ဖက်ရေးမူများအောက်မှာ ချစ်ကြည်ရင်းနှီးစွာ နေသင့်တယ်ဆိုတဲ့အတွေးမျိုး၊ ခံယူချက်မျိုးတွေ အားလုံးမှာ ရှိထားသင့်တယ်လို့တော့ ယူဆမိတာအမှန်ပါ။
ဘာကြောင့်လဲဆိုတော့ ကမ္ဘာကြီးရဲ့ဘယ်နေရာ ကိုပဲကြည့်ကြည့် Might is Right က အဓိကဖြစ်နေလို့ပါပဲ၊၊ ။