ပုလဲ  ၆ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ နိုဝင်ဘာ ၅ ရက်  နံနက် ၁၀နာရီ ၃၀မိနစ်က မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာထူထောင် နိုင်ရေးအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း၃၀ဝ လွှဲပြောင်း ပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

 

၂

 

ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က  မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလိုသူကျေးလက်နေပြည်သူများအတွက် တစ်ပိုင်တစ်နိုင်မှသည် တစ်ရွာ ထုတ်ကုန် တစ်မျိုးအဆင့်ထိ     ထုတ်လုပ်နိုင်ရေးအတွက်     နိုင်ငံတော်မှ    စီစဉ် ဆောင်ရွက်ပေးသည့် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း၃၀ဝကို အကျိုးစီးပွား   ဖြစ်ထွန်းအောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း မှာကြားခဲ့သည်။

 

ဆက်လက်၍      မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန   လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ထွေထွေးမွန်က မွေးမြူရေးလုပ်ငန်းမှ မိသားစုဝင်ငွေ တိုးတက်ရရှိသည့်အပြင် စားနပ်ရိက္ခာ ဖူလုံ၍ နှစ်စဉ် တစ်ဦးချင်း    အသား၊ နို့ ၊ ဥ စားသုံးမှု တိုးတက်လာစေရန်နှင့် ဘဏ္ဍာငွေ အရင်းအမြစ် စဉ်ဆက်မပြတ် ရရှိပြီး ကျေးလက်ရန်ပုံငွေထူထောင်နိုင်ရန် ရည်ရွယ်ချက် များဖြင့်    မြစိမ်းရောင်  (  အသားကဏ္ဍ )  ကျေးရွာ ထူထောင်နိုင်ရေးအတွက် ရှားတောကျေးရွာသို့ အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀ဝ လွှဲပြောင်းပေးအပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

 

ထို့နောက်   တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်   ဦးဇော်ထက်နှင့်   တာဝန်ရှိသူများက မြစိမ်းရောင်( အသားကဏ္ဍ )  ကျေးရွာထူထောင်နိုင်ရေးအတွက်    အရင်းမပျောက်  လည်ပတ် ရန်ပုံငွေကျပ် သိန်း ၃၀ဝကို လွှဲပြောင်းပေးအပ်ရာ    ရှားတောကျေးရွာ  မြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

မြင့်သိန်းစိုး(ပြန်/ဆက်)