ဆားလင်းကြီး  ၆   ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်း ဒေသကြီး၊  ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင် ကျေးရွာစီမံကိန်းဝင်(၃၁)ရွာအနက်  မတောင့်တကျေးရွာ၌   မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေမှ  အတိုးရရှိငွေနှင့်  ပြည်သူလူထု ထည့်ဝင်ငွေတို့  ပူးပေါင်း၍  လျှပ်စစ် ထရန်စဖော်မာ တပ်ဆင်ခြင်းလုပ်ငန်း  ဆောင်ရွက်ပြီးစီးမှု  အခြေအနေများကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးခိုင်နှင့်ဝန်ထမ်းများက ဒီဇင်ဘာ ၅ ရက်၊ နံနက် ၁၁ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

852

 

ဆားလင်းကြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးခိုင်က‘‘ မိမိတို့မြို့နယ်မှာ  မြစိမ်းရောင် ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်၍  ဆောင်ရွက်ခဲ့ရာ  ယခုဆိုလျှင်  ကျေးရွာ ၃၁ ရွာမှာ  လုပ်ငန်းများကို   အောင်မြင်စွာ  အကောင်အထည်ဖော်  ဆောင်ရွက် လျက်ရှိပါတယ်။ မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေမှ အတိုးရရှိငွေများနှင့်  ပြည်သူလူထု ထည့်ဝင်ငွေများ ပူးပေါင်း၍  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာ ၁၈ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မတောင့်တကျေးရွာ၌   ပြည်သူများ  လျှပ်စစ်မီး  လုံလောက်စွာ  သုံးစွဲနိုင်ရေးအတွက် 250 KVA လျှပ်စစ်   ထရန်စဖော်မာ တစ်လုံး  တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းကို ကျေးရွာရှိ   မြစိမ်းရောင် ကျေးရွာစီမံကိန်း ရန်ပုံငွေမှ အတိုးရရှိငွေကျပ် ၁၁၇ သိန်းနှင့် ပြည်သူလူထု ထည့်ဝင်ငွေကျပ် ၅၈ သိန်း စုစုပေါင်း ၁၇၅ သိန်းဖြင့် ဆောင်ရွက်ခဲ့ရာ လုပ်ငန်းပြီးစီးနေပြီ ဖြစ်သောကြောင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာနေ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ချိတ်ဆက် သုံးစွဲနိုင်ရေး လုပ်ငန်းလိုအပ်ချက်များကို  ကျေးရွာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ် ’’  ဟု ပြောကြားခဲ့သည်။

 

78

 

ဆားလင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့်  မြို့နယ်အတွင်းရှိ   ဒူးထောက်၊ ထန်းပု၊တုံရွာမ၊ ထန်းတော၊ သာယာကုန်း၊  ညောင်ပင်တို၊  မတောင့်တ၊ ဘိုက်သရက်၊ ရွှေသမင်၊ ရွာသစ်ကုန်း၊ ကျွဲခိုတော၊ ကံကြီးတော၊ ရေမိန်(မ)၊ ရုံးပင်ရိုး၊ ဇီးပဏီ(မ) ၊ဇီးပဏီ(တ)၊ ညောင်ပင်သာ၊ ဆုံတား၊ ကျိုင်းခမောက်၊ ချောင်းရိုး၊ဖလန်ကန်၊ ခွန်သာ၊ သရက်ကိုင်း၊ ညောင်ပင်ကိုင်း၊ လင်းစားကျက်၊ တရား၊မကျီးတန်း၊  ရွှေချမ်းသာ၊ ဇီးချိုင့်၊ တဲကြီးကျေးရွာနှင့် ဆားခါးကျေးရွာနေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရန် ၊   တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်းများကို  ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် အာဟာရ ပြည့်ဝစေရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့်  တုံ့ပြန်နိုင်စွမ်း အားကောင်းသော လူမှုအဖွဲ့အစည်းများ  ပေါ်ပေါက်လာစေရန်တို့ကို  ရည်ရွယ်၍   မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေများကို    ကျေးရွာ   တစ်ရွာလျှင် ငွေကျပ်သိန်း  ၃၀ဝနှုန်းဖြင့်    ထူထောင် ပေးထား ကြောင်း  သိရသည်။

 

 မင်းခန့်စိုး(ဇေယျာမြေ)