မင်းလှ ၂၄ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် မလွန်စမ်း၊ ကုန်းကြီး ကျေးရွာနှစ်ရွာအား ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မင်းလှမြို့နယ် အမှတ်-၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိက ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသူ ကျေးရွာသားများ အနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် မလွန်စမ်း၊ ကုန်းကြီး ကျေးရွာနှစ်ရွာမှ မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များထံသို့ တာဝန်ရှိသူများက ကျေးရွာတစ်လျှင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀ဝစီအား လွှဲပြောင်းပေးအပ်ကြသည်။
အဆိုပါ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မလွန်စမ်း၊ ကုန်းကြီး ကျေးရွာနှစ်ရွာမှ မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဝင်များ တက်ရောက်ကြသည်။
ငြိမ်းသူ


