ပန်းတနော် ဒီဇင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ပသွယ်ကျေးရွာအုပ်စု၊ တော်တရကြီးကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့် လျှပ်စစ်မီး ရရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာလျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
တော်တရကြီးကျေးရွာတွင် လျှပ်စစ်မီးရရှိရေးအတွက် လျှပ်စစ်မီးတိုင်နှင့် မီးကြိုးသွယ်တန်းခြင်း လုပ်ငန်းများအား ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင် စီမံကိန်း အတိုးရငွေကျပ် ၅ ဒသမ ၃၀ သန်းဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာကာလတွင် မြစိမ်းရောင် စီမံကိန်း အတိုးရငွေကျပ် ၇ ဒသမ ၅၀ သန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် ၆ ဒသမ ၁၅ သန်း စုစုပေါင်း ရန်ပုံငွေကျပ် ၁၃ ဒသမ ၆၅ သန်းဖြင့် 160 KVA ထရန်စဖော်မာ ဝယ်ယူတပ်ဆင်ခြင်း လုပ်ငန်းများအား ဒီဇင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ပန်းတနော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇေယျာနိုင်က ပြောသည်။
အဆိုပါကျေးရွာတွင် လျှပ်စစ်မီး ရရှိရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၃၀၅ အိမ်၊ အိမ်ထောင်စု ၄၁၇ စုမှ မိသားစုဝင်များ ၂၄ နာရီ လျှပ်စစ်မီးရရှိတော့မည်ဖြစ်၍ လူနေမှု အဆင့်အတန်း မြင့်မားလာကာ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုး တိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။
ငြိမ်းသူ