မင်းလှ အောက်တိုဘာ ၁၄

 

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ် ကိုင်းငယ်လေးကျေးရွာတွင် မြစိမ်းရောင် စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ် လျက်ရှိ ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ခန်းမဆောင်မှာ အလျား ပေ ၄၀ ၊ အနံ ပေ ၂၀ နှင့် အမြင့်(၁၁)ပေ ရှိသော RC တစ်ထပ် ပုံစံဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ ကျပ်သိန်း ၉၀ ဖြင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာ များ၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုင်းငယ်လေးကျေးရွာ၌  အိမ်ခြေ ၉၉ အိမ်၊ လူဦးရေ ၄၆၆ ဦးရှိရာ ကျေးရွာ ဘက်စုံသုံးခန်းမဆောင် ဆောက်လုပ်ပြီးစီးသွားပါက ကျန်းမာရေး၊ လူမှုရေးနှင့် ဘာသာရေးကိစ္စများ ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေကာ ရပ်ရွာအတွက်များစွာ အကျိုးရှိ မည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ထံမှ သိရသည်။

 

မင်းလှမြို့နယ်အတွင်း ကိုင်းငယ်လေးကျေးရွာအပါဝင် ကျေးရွာပေါင်း ၃၈ ရွာတွင် မြစိမ်းရောင် စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အနက် ကျေးရွာပေါင်း ၁၆ ရွာ၌ မြစိမ်းရောင် စီမံကိန်း အတိုးရငွေကျပ် ၁၂၂ ဒသမ ဝ၅ သန်း ပြည်သူ ထည့်ဝင်ငွေ ၁၀၇ ဒသမ ၈၄၄ သန်း၊ စုစုပေါင်း ၂၂၉ ဒသမ ၈၉၄ သန်းဖြင့် ရေရရှိရေး လုပ်ငန်းငါးခု မီးလင်းရေးလုပ်ငန် ခုနစ်ခု လမ်းလုပ်ငန်း သုံးခု ကျေးရွာခန်းမဆောင် တစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 

ဂျိုင်းလော (နာဂ)