မင်းဘူး၊ ၃ ဖေဖော်ဝါရီ
COVID-19 ကူးစက်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကျီးပင်ကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်စေရန်ရည်ရွယ်ပြီး ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက မြစိမ်းရောင်ကျေးရွာ စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန်လည် ထုတ်ချေးခဲ့ကြောင်း အဆိုပါဦးစီးဌာနက သိရသည်။
မကျီးပင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ရန်ပုံငွေကျပ်သိန်း ၃၀၀ ဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်က စတင်လည်ပတ်အကောင်အထည်ဖော်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်မည့်သူ ၆၇ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့်သူ ၄၄ ဦး၊ အရောင်းအ၀ယ် နှင့် အသက်မွေး၀မ်းကျောင်းလုပ်ငန်း လုပ်ကိုင်မည့်သူ ၁၅ ဦး၊ စီမံကိန်း အသင်း၀င်ပေါင်း ၁၂၆ ဦး အတွက် ငွေကျပ် ၃၇၂ သိန်းအား စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် တတိယ အကြိမ်မြောက် ပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ထုတ်ချေးရာတွင် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်စေရန် စီစဉ်ဆောင်ရွက်ထားပြီး ပြန်လည်ထုတ်ချေးနေမှုကို မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးသိမ့်သိမ့်ကျော်နှင့် ၀န်ထမ်းများက ထိုကျေးရွာ၌ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရိန်(မင်းဘူး)


