နေပြည်တော် ဩဂုတ် ၁၆
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ် သမဝါယမကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ၊ အသေးစားအလတ်စားစက်မှု လက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်၍ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောကြားသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြစိမ်းရောင် ကျေးရွာစီမံကိန်းသည် နိုင်ငံတစ်ဝန်းလုံးရှိ ကျေးရွာအားလုံး၏ ၂၂ ရာခိုင်နှုန်းခန့် ကို လွှမ်းခြုံထားကာ ကျေးလက်ပြည်သူ ၈ သန်းကျော်ကို အကျိုးပြုလျက် ရှိပါကြောင်း၊ လတ်တလော ကိုဗစ်ကာလအတွင်း စီမံကိန်းကျေးရွာများရှိ ကျေးရွာနေပြည်သူများ စီးပွားရေး၊ လူမှုရေး အခက်အခဲများ လျော့နည်းသက်သာစေရေးအတွက် အတိုးနှုန်း ဖြေလျော့မှုများအပါအဝင် ချေးငွေထုတ်ချေးမှုများ မကြန့်ကြာစေရေး စီမံပေးခဲ့ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ ပိုမိုအောင်မြင်ရေး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ယခု အချိန်အထိ မြို့နယ် ပေါင်း ၂၈၉ မြို့နယ်၊ ကျေးရွာပေါင်း ၁၂,၀၈၄ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အနေနှင့် ငွေကျပ် ၂၉၈ ဒသမ ၁၁ ဘီလီယံမတည်ပေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ရေပေးရေး၊ ကျေးလက်မီးလင်းရေး၊ ကျေးရွာကုန်ထုတ်လုပ်ငန်း၊ အသေးစားကုန်သွယ်ရေး လုပ်ငန်းနှင့် အခြားအသက်မွေးဝမ်းကျောင်း လုပ်ငန်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုအခါ စီမံကိန်းမှ အတိုးရငွေပေါင်း ၁၈၈ ဒသမ ၈၄ ဘီလီယံ ရရှိခဲ့ပြီး ကျေးရွာပေါင်း ၂၄၈၁ ရွာမှာ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း ၂၉၃၇ ခုကိုလည်း စီမံကိန်းအတိုးရငွေများ၊ ပြည်သူ ထည့်ဝင်ငွေများဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်


