နေပြည်တော်  ၂၀   ဒီဇင်ဘာ 

မြစိမ်းရောင်ကျေးရွာစီမံကိန်း ပြည်ထောင်စုအဆင့် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ရုံးအမှတ် ၃၆ ၌ ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ၂ဝ၁၇ ခုနှစ် မြန်မာနေထိုင်မှု အခြေအနေစစ်တမ်းအရ နိုင်ငံလူဦးရေ ၇ဝရာခိုင်နှုန်းသည် ကျေးလက် ဒေသများတွင် နေထိုင်ကြပြီး ကျေးလက် လူဦးရေ၏ (၃၀ ရာခိုင်နှုန်း)ခန့်မှာဆင်းရဲနွမ်းပါး သူများ ဖြစ်ကြောင်း သိရှိရမှုအပေါ် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများလူမှုစီးပွားဘဝ စဉ်ဆက်မပြတ်ဖွံ့ဖြိုးစေရန် လူမှုရေး၊ စီးပွားရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာဘက်စုံ ပြုပြင်ပြောင်းလဲမှု မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့်လည်း ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးမဟာဗျူဟာ မူဘောင်ပါ လုပ်ငန်းစဉ်များနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း။

တောင်သူအများစုမှာ လုပ်ကွက်ငယ်တောင်သူများဖြစ်၍ သွင်းအားစုနှင့် နည်းပညာ ရင်းနှီးမြှုပ်နှံနိုင်ရန် ငွေကြေးလိုအပ်နေခြင်းက ကြီးမားသည့်အခက်အခဲတစ်ခု ဖြစ်စေလျက် ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ယင်းလိုအပ်ချက် ငွေကြေးအရင်းအနှီးကို ဖြည့်ဆည်း ပေးနိုင်ရန် စိုက်ပျိုးစရိတ်ချေးငွေကိုနိုင်ငံတော်အစိုးရက ပံ့ပိုးပေးနေသကဲ့သို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင် ကျေးရွာစီမံကိန်းမှလည်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေကတဆင့် ချေးငွေရရှိရေးကို များစွာ အထောက်အကူပြုပေးလျက်ရှိပါကြောင်း။

စီမံကိန်းတာဝန်ရှိသူများအနေဖြင့် စီမံကိန်းကျေးရွာများ ရွေးချယ်ရာတွင် လက်စွဲ စာစောင်ပါ အခြေခံမူများနှင့်အညီစိစစ်ရွေးချယ်ကြရန်၊ ရန်ပုံငွေများဆုံးရှုံးမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် နှင့်ကျေးရွာသူ/သားများစည်းလုံး ညီညွှတ်စွာပူးပေါင်းပါဝင်လာ စေရေးအတွက်ပညာပေးစည်းရုံးရေးလုပ်ငန်းများ အလေးထား ဆောင်ရွက်ကြရန် မှာကြားလို ကြောင်း။

စီမံကိန်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၏ အားတစ်ခုတည်းသာမက သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ ဒေသခံပြည်သူများကပါ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးစုပေါင်းစွမ်းအား၏ အကျိုးသတ္တိ Collective Strength ကိုဖော်ဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုများကို လည်းကောင်း ၊ Centre for Good Governance(CGG) အဖွဲ့မှ တာဝန်ရှိသူများ က မြစိမ်းရောင်ကျေးရွာစီမံကိန်း စစ်တမ်း ကောက်ယူတွေ့ရှိချက်များကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက  မြစိမ်းရောင်ကျေးရွာစီမံကိန်း စံပြကျေးရွာဆုရရှိသည့် ကျေးရွာများအား ဂုဏ်ပြုဆုချီးမြှင့်ရာ ဆုရကျေးရွာ ၁၇ ရွာမှ ကိုယ်စားလှယ်များက ဂုဏ်ပြုဆုများအားလက်ခံရယူကြသည်။

 

ေ

 

မြစိမ်းရောင်ကျေးရွာ စီမံကိန်းပြည်ထောင်စုအဆင့်သုံးသပ်ဆွေးနွေးပွဲအခမ်းအနား ဒုတိယပိုင်းတွင် စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း(Eco.Dev) က မြစိမ်းရောင် ကျေးရွာစီမံကိန်း ကျား/မရေးရာဆိုင်ရာ လေ့လာဆန်းစစ်ခြင်း စစ်တမ်းကောက်ယူ တွေ့ရှိ ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ AERDTC မှ တာဝန်ရှိသူက ကျေးရွာခေါင်းဆောင်မှု သင်တန်းအကဲဖြတ်သုံးသပ်ချက်များအား ရှင်းလင်းတင်ပြခြင်းကိုလည်းကောင်း ဆောင်ရွက် ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် အဖွဲ့လိုက်ဆွေးနွေးမှုများ၊ ဆွေးနွေးချက် ရလဒ်များအား ပြန်လည် ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

 

ေ

 

ကျေးရွာများတွင် စဉ်ဆက်မပြတ်ဘဏ္ဍာရေးအရင်းအမြစ် ရရှိစေရန်၊ ကျေးလက်နေပြည်သူများ ဒီမိုကရေစီနည်းလမ်းကျကျ စုပေါင်းညှိနှိုင်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန်နှင့် မိသားစုဝင်ငွေတိုးပွားစေရန်တို့ကို ရည်မှန်း၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်မှစတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ မြို့နယ်(၂၈၉)မြို့နယ်ရှိကျေးရွာပေါင်း (၁၁၆၆၅) ရွာ၌ နိုင်ငံတော်ခွင့်ပြု ရန်ပုံငွေကျပ် (၂၈၆ ဒသမ ၇၁)ဘီလီယံဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် စီမံကိန်းကြီး တစ်ခု၊ စီမံကိန်းကာလ(၆)နှစ်တာအတွင်း ကျေးလက်အိမ်ထောင်စု (၁ ဒသမ ၁) သန်း၊ ကျေးလက်လူဉီးရေ (၇ ဒသမ ၄)သန်းကို အကျိုးပြုစေခဲ့ပြီးငွေကျပ် (၁၃၆ ဒသမ ၉၂) ဘီလီယံတိုးပွားလာခဲ့ကာ တိုးပွားလာသည့်ငွေများအနက်မ ှငွေကျပ် (၆ ဒသမ ၆) ဘီလီယံနှင့် ပြည်သူများ၏ ထပ်မံထည့်ဝင်ငွေ (၃ ဒသမ ၆) ဘီလီယံဖြင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းပေါင်း (၁၁၃၉)ခုကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်။ စီမံကိန်းငွေကြေး လည်ပတ်မှုနှုန်းအနေဖြင့် (၉၉ ဒသမ၅ ရာခိုင်နှုန်း)ရှိပြီး အတိုးအရင်းပြန်လည် ပေးဆပ်ရန် ပျက်ကွက်မှုနှုန်း (ဝ ဒသမ ၅ ရာခိုင်နှုန်း)သာရှိသဖြင့် အောင်မြင်သည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)