တပ်ကုန်း ၃ ဇန်နဝါရီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်တွင် နေပြည်တော် တပ်ကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာများ ဖွံ့ဖြိုးရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ဇန်နဝါရီ ၂ ရက် နံနက် ၁၀ နာရီခွဲက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဇာဝေက မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဦးစီးအရာရှိတို့က ဆူးတပ်၊ လက်ပံပု၊ ပန်းညို၊ ဇရပ်ကြီးကုန်း၊ ထန်းတပင်၊ စိန်ပန်းခိုင်စသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာ(၆)ရွာအတွက် တစ်ရွာလျှင် ကျပ်သိန်း(၃၀၀)နှုန်း၊ စုစုပေါင်းငွေကျပ် သိန်း(၁၈၀၀)အား ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘဏ္ဍာရေး ဆပ်ကော်မတီများကို လွှဲပြောင်းပေးအပ်သည်။
တပ်ကုန်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်မတည် ရန်ပုံငွေများဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ထိ စုစုပေါင်းကျေးရွာ(၂၃)ရွာ၊ ယူနစ်(၂၁) ယူနစ်ထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်