မြဝတီ နိုဝင်ဘာ ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် ကျောက်လုံးကြီး(မွေးမြူရေးဇုန်)ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြဝတီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မြဝတီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို မြို့နယ်အတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသည့် ကျေးရွာများကို ကျေးရွာတစ်ရွာလျှင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ ပံ့ပိုးပေးကာ နှစ်စဉ်လျာထားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခု ဘဏ္ဍာရေးနှစ် ခြောက်လတာကာလတွင် ကျောက်လုံးကြီး(မွေးမြူရေးဇုန်) ကျေးရွာကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ ရန်ပုံငွေကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်းနှင့် သင်တန်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြာင်း မြဝတီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးငွေစိုးမှ ပြောပြ၍ သိရသည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဝင်ကျေးရွာ များတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများ၊ အရောင်းအဝယ် လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုး စီးပွားရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်သည့်အပြင် စီမံကိန်းရန်ပုံငွေမှ ရရှိသည့် အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးငွေစိုးထံမှ သိရသည်။
ကျော်ဦး


