မိမိတို့နိုင်ငံသည် သဘာဝအလျောက် ဖြစ်တည်နေသည့် မြစ်ချောင်း အင်းအိုင်များ များပြားစွာ တည်ရှိနေခြင်းကြောင့် ရေအရင်းအမြစ် ကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။ သို့ရာတွင် ရာသီဥတုပြောင်းလဲလာခြင်း၊ သစ်ပင်သစ်တောများ ပြုန်းတီးလာခြင်းနှင့် ဓာတ်သတ္တုများ ရှာဖွေတူးဖော်ခြင်း စသောအကြောင်း အမျိုးမျိုးတို့ကြောင့် သဘာဝရေအရင်းအမြစ်များစွာတို့ ပျက်စီး ပျောက်ကွယ်လျက်ရှိသည်။ ထို့အပြင်အမှိုက်များ၊ မိလ္လာနှင့် ရေဆိုးများကို မြစ်နားချောင်းနား တစ်လျှောက် ကျေးရွာများက မြစ်ချောင်းများအတွင်း မဆင်မခြင် စွန့်ပစ်ကြခြင်းကြောင့်လည်း မြစ်ရေ၊ ချောင်းရေများ ညစ်ညမ်းရပြီး ရေစီးရေလာအပေါ် ထိခိုက်မှုများလည်း ဖြစ်ပေါ်စေသည်။

 

မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သော ဧရာဝတီမြစ်နှင့် ရန်ကုန်မြစ်အတွင်းသို့ နေ့စဉ် ပလတ်စတစ် စွန့်ပစ်ပစ္စည်း စုစုပေါင်း ၁၁၉ တန်ခန့်စီးဝင်နေပြီး မြစ်အတွင်းသို့ ပလတ်စတစ်စွန့်ပစ်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ဟုသိရသည်။ ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ မြို့ရွာများမှ စွန့်ပစ်လိုက်သော အမှိုက်များနှင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကြောင့် ၂၀၂၁ ခုနှစ် ကမ္ဘာ့ အညစ်ညမ်းဆုံး မြစ် ၁၀ စင်းစာရင်းတွင် မြန်မာနိုင်ငံမှ ဧရာဝတီမြစ်သည်လည်း ပါဝင်သွားခဲ့သည်။ စိုက်ပျိုးရေးနှင့် လူအများသုံးစွဲရန် မှီခိုအားထားကြရသည့် မြစ်ရေချောင်းရေများမှာ ပလတ်စတစ်များ အပါအဝင် အမှိုက်သရိုက်များ၊ ဓာတုညစ်ညမ်းမှုများ၊ ဇီဝညစ်ညမ်းမှုများ စသည်တို့အပါအဝင် လူတို့စည်းကမ်းမဲ့မှုနှင့် မဆင်ခြင်မှုများကြောင့် ဖြစ်ပေါ်လာသည့် ညစ်ညမ်းမှုများပါဝင်နေမှုကို စနစ်တကျထိန်းချုပ်၍ ရေအရင်းအမြစ်ကောင်းများ ပြန်လည်ဖြစ်ပေါ်လာစေရန် ပြုပြင်ဆောင်ရွက် သွားကြရမည်ဖြစ်သည်။

 

စွန့်ပစ်ပလတ်စတစ်များသည် နှစ်ရာထောင်ချီ၍ မကြေမပျက်တည်ရှိနေနိုင်ပြီး သမုဒ္ဒရာနှင့် မြေဆီလွှာများအတွင်း တည်ရှိနေကာ ရေထုညစ်ညမ်းမှုနှင့် မြေထုညစ်ညမ်းမှုတို့ ဖြစ်စေနိုင်သည်။ ရေနေ သတ္တဝါများ၊ ငှက်များနှင့် နို့တိုက်သတ္တဝါများတွင်လည်း ပလတ်စတစ်အမှိုက်မျိုးစုံတို့ကြောင့် အန္တရာယ်ကျရောက်မှုများစွာ ဖြစ်ပေါ်ရပြီး ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အဏ္ဏဝါဂေဟ စနစ်များကိုလည်း ခြိမ်းခြောက်လျက်ရှိသည်။ လေ့လာမှုများအရ ဧရာဝတီမြစ်နှင့် ရန်ကုန်မြစ်တို့တွင် တန်ချိန်ရာနှင့်ချီ၍ နေ့စဉ်ပစ်နေသည့် ပလတ်စတစ်ပစ္စည်းများတွင် တစ်ခါသုံး ပလတ်စတစ် ပစ္စည်းများ၊ ပလတ်စတစ်ထုပ်ပိုးခွံများ၊ ကြွပ်ကြွပ်အိတ်များ၊ ဖော့ဘူးခွံများ အများဆုံးပါဝင်နေသည်ဟု သိရသည်။ စွန့်ပစ်ပလတ်စတစ်များမှ ဖြစ်ပေါ်လာသည့် မိုက်ခရိုပလတ်စတစ်အမှုန်များမှာ ပင်လယ် သမုဒ္ဒရာများမှသည် ကမ္ဘာ့လေထုအတွင်း၌လည်းကောင်း၊ နှင်းဖုံးတောင်တန်းများပေါ်မှ နှင်းများထဲ၌ လည်းကောင်း၊ လူ့ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများနှင့် ဦးနှောက်တွင်း၊ မျိုးပွားအင်္ဂါတွင်း များအထိ၌ပင် တွေ့ရှိနေရပြီဖြစ်သည်။

 

ကမ္ဘာတစ်ဝန်း၌ နှစ်စဉ်ပလတ်စတစ်ပစ္စည်းအမျိုးပေါင်း များစွာတို့ကို တန်ချိန်သန်းပေါင်း ရာနှင့် ထောင်နှင့်ချီ၍ ထုတ်လုပ်သုံးစွဲနေကြသလို အလွယ်တကူလည်း စွန့်ပစ်နေကြသည်။ ပျမ်းမျှ အားဖြင့် တစ်မိနစ်လျှင် ပလတ်စတစ်အိတ်ပေါင်း တစ်ကုဋေခန့် သုံးစွဲနေပြီး တစ်သန်းခန့် စွန့်ပစ်နေသည် ဟုလည်း ဆိုသည်။ ပလတ်စတစ်သည် မစွန့်ပစ်ဘဲ ထပ်မံအသုံးပြုခြင်း (Reuse)၊ ပြန်လည်ထုတ်လုပ် သုံးစွဲခြင်း (Recycle) တို့ ပြုလုပ်နိုင်သော်လည်း အများစုမှာစွန့်ပစ်ခံလိုက်ကြရခြင်းဖြစ်သည်။ မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာများသို့ ရောက်ရှိသွားသည့် ပလတ်စတစ်များမှာ ရေထုဖိအား၊ နေရောင်ခြည်စသည့်သဘာဝအားတို့ကြောင့် မိုက်ခရိုပလတ်စတစ်များ ကွဲထွက် သွားခြင်း၊ မိုက်ခရိုပလတ်စတစ်များကို ငါးနှင့် ရေသတ္တဝါများက စားသုံးခြင်း၊ ယင်းတို့ကို လူသားက စားသုံးခြင်းတို့ဖြင့် ရက်သတ္တတစ်ပတ်လျှင် လူတစ်ဦး ပလတ်စတစ်ငါးဂရမ်ခန့် လူသားတို့ စားသုံး မိနေကြရာ မိမိတို့စွန့်ပစ်လိုက်သည့် ပလတ်စတစ်များ မိမိတို့ပြန်စားသုံးနေကြရခြင်းပင် ဖြစ်သည်။

 

မြစ်များ၊ ချောင်းများအတွင်း အမှိုက်များနှင့် ပလတ်စတစ်များ မစွန့်ပစ်စေရန်အသိပညာပေးခြင်း၊ သတိပေး နှိုးဆော်ခြင်းများ ပြုလုပ်ခြင်း၊ မြစ်ချောင်းကမ်းပါးတစ်လျှောက် စုပေါင်းအမှိုက် ကောက်ခြင်း နှင့် သန့်ရှင်းခြင်းတို့ကို နိုင်ငံတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြင့် မြန်မာ့မြစ်၊ ချောင်းများပြန်လည်သန့်ရှင်းစင်ကြယ်ရေး၊ မြန်မာ့ပင်လယ်ပြင် သန့်ရှင်း စင်ကြယ်ရေး အတွက် အမျိုးသားရေးအသွင် လှုပ်ရှားဆောင်ရွက်ကြ ရပါမည့်အကြောင်း။

 

မြန်မာ့အလင်း