မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်ဖြစ်သည့် မြစ်၊ ချောင်းများ ပေါများသည့် နိုင်ငံဖြစ်သည်။ မြစ်ချောင်းများ၏ ရေပြင်သည် မြန်မာပြည် အထက်ပိုင်းတွင် သန့်ရှင်းကြည်လင်နေသည်။ မြန်မာပြည်အောက်ပိုင်း မြစ်ဝများသို့ရောက်လျှင် နုန်းအနည်တို့ကျသဖြင့် မြစ်ရေသည်နောက်လေ့ ရှိသည်။ မြန်မာနိုင်ငံရှိ မြစ်ချောင်းများသည် စီးဆင်းရာလမ်းကြောင်း တစ်လျှောက် သန့်ရှင်းကြည်လင်သဖြင့် ထိုရေကိုလူသတ္တဝါများ အသုံးပြုကာ ရှင်သန်ရပ်တည်နေကြသည်။

ထို့ကြောင့် မြစ်ချောင်းများသည် လူသတ္တဝါတို့၏ မှီခိုအားထားရာဖြစ်သည်။ သတ္တဝါမျိုးစိတ် မြောက်မြားစွာတို့ အသက်ရှင်နေထိုင်ကြသည်။ မြစ်ချောင်းများ တိမ်ကောပျက်စီးပါက လူတို့မှီခိုအားထားရမှု လျော့ပါးလာပြီး ရေနေသတ္တဝါတို့၏ ဘဝများလည်း ပျက်စီးလာမည်။ ယခုအခါ မြန်မာပြည်အထက်ပိုင်းရှိ အချို့ မြစ်ရိုး၊ ချောင်းရိုးများကို ကြည့်မည်ဆိုလျှင် မြစ်ရေ၊ ချောင်းရေများ နောက်ကျိနေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။ အကြောင်းမှာ သဘာဝ ပတ်ဝန်းကျင်ကို လူတို့ဖျက်ဆီးမှုကြောင့် မြစ်ချောင်းများ ပျက်စီးလာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအထက်ပိုင်းရှိ မြစ်၊ ချောင်းရေတို့သည် သန့်ရှင်းကြည်လင်နေသဖြင့် သုံးရေ၊ စိုက်ရေ တို့သာမက သောက်သုံး ရေအတွက်ပါ ပြည်သူများ အသုံးပြုခဲ့ကြသည်။ အသုံးပြုနေဆဲ ဖြစ်သည်။ ထိုသို့ အသုံးဝင်နေသည်ကို လူတို့ကပင် ဖျက်ဆီးနေကြသည်ကို မြင်တွေ့ကြားသိနေရသည်။ လူတို့စားသုံးရန်အတွက် မြစ်၊ ချောင်းများအတွင်းရှိ ရေနေသတ္တဝါ တို့ကို မလျော်ကန်သောနည်းလမ်းဖြင့် ဖမ်းဆီးခြင်း၊ မြစ်၊ ချောင်းများအနီး ပတ်ဝန်းကျင်ရှိ တော၊ တောင်၊ ရေ၊ မြေတို့ကို မလျော်ကန်သော နည်းလမ်းဖြင့် ဖျက်ဆီးခြင်းတို့ကြောင့် မြစ်၊ ချောင်းများ ပျက်စီးလာခြင်းဖြစ်သည်။ 

မြစ်၊ ချောင်းများအတွင်းရှိ ငါးမျိုးစိတ်များကို ဆေးချ၍ဖမ်းဆီးခြင်း၊ ငါးမိုင်းထောင်ခြင်း၊ ပြဒါးဖြင့် ငါးဖမ်းခြင်း၊ ပြဒါးတစ်မျိုး ဖြစ်သော အာစင်းနစ်ဓာတ်ဖြစ်သည့် စိန်ဓာတ်ချ၍ ဖမ်းခြင်းတို့ကြောင့် မြစ်ချောင်းများ အဆိပ်သင့်မှုကို ဖြစ်စေသည်။ ထို့အပြင် ဓာတ်သတ္တု ရှာဖွေတူးဖော်ရာ၌ မိုင်းခွဲခြင်း၊ ဓာတုဗေဒပစ္စည်းများနှင့် မျှောတိုက်ခြင်း၊ ဖြုန်းမြေစာများ စွန့်ထုတ်ခြင်းတို့ကြောင့် မြစ်၊ ချောင်းရေများ ညစ်ညမ်းမှု၊ နောက်ကျိမှုများ ဖြစ်စေသည့်အပြင် စက်မှုလုပ်ငန်းများနှင့် လူမှုလုပ်ငန်းများမှ စွန့်ပစ်သော ရေဆိုးများ၊ အညစ်အကြေး အမှိုက်သရိုက်များကြောင့်လည်း မြစ်၊ ချောင်းများ ပျက်စီးခြင်းကို ဖြစ်စေပါသည်။

ချင်းတွင်းမြစ်ဝှမ်းဒေသတွင် ၂၀၁၃ ခုနှစ်မှ ယခုနှစ် မတ်လအထိ ဇီဝမျိုးစုံ၊ မျိုးကွဲများနှင့် ဂေဟစနစ် ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်ဖြင့် ကွင်းဆင်းစစ်ဆေး သုတေသနပြုဆောင်ရွက်ချက်အရ ရေနေ သတ္တဝါမျိုးစိတ်များကို လက်ရှိအနေအထားတွင် အထူးကြပ်မတ် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေပြီဖြစ်ကြောင်း အသိပေးထားသည်။ မြစ်၊ ချောင်းများ ညစ်ညမ်းပျက်စီးမှု မဖြစ်စေရေးအတွက် အဆိုပါမလျော်ကန်သည့် လုပ်ဆောင်မှုများကို ရပ်တန့်ရေး၊ တားဆီးရေး တို့ကို အလေးထား ပြုလုပ်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ သတ္တဝါများ ဂေဟစနစ်မပျက်စီးရေးတွင် ကုန်းနေမျိုးစိတ်များ မပျက်စီးရေးသာမက ရေနေသတ္တဝါ မျိုးစိတ်များ ကိုလည်း လျှပ်စစ်ရှော့တိုက်ဖမ်းဆီးခြင်း၊ အဆိပ်ချဖမ်းဆီးခြင်း၊ မိုင်းခွဲဖမ်းဆီးခြင်းနှင့် ဓာတ်သတ္တု ရှာဖွေရေးနှင့် စက်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို အလေးထား ကာကွယ်တားဆီးခြင်းဖြင့် မြစ်၊ ချောင်းများ ရှင်သန်ဖြစ်ထွန်းပြီး ဂေဟစနစ် မပျက်စီးသဖြင့် လူသတ္တဝါများ ရှင်သန်ဖွံ့ဖြိုးရေးကို များစွာအကျိုးဖြစ်ထွန်းမည် ဖြစ်ပါကြောင်း။      ။
(ကြေးမုံ)