နေပြည်တော် ၂ သြဂုတ်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ပူတာအို မဲဆန္ဒနယ်မှ ဦးမိုးရွှေက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ အန္တရာယ်ရှိ တံတားဖြစ်သော ဆွမ်ဗီယန် တံတားနှင့် ဖုန်အင်တံတားတို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်တံတားအသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဆွမ်ဗီယန် တံတားကို အရှည် ၂၂၀ ပေရှိ နှစ်လမ်းသွား သံကူကွန်ကရစ် တံတားတည်ဆောက်နိုင်ရန်အတွက် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံထားပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ဖုန်အင်တံတားကို အရှည် ၂၆၄ ပေရှိ နှစ်လမ်းသွားသံကူကွန်ကရစ်တံတားတည်ဆောက်နိုင်ရန်အတွက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှု အပေါ်မူတည်ပြီး အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ကြောင်း သိရသည်။
MDN
Credit. ပြည်သူ့လွှတ်တော်