နေပြည်တော်၊ အောက်တိုဘာ ၃၀  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီ ၄၅ မိနစ်တွင် မြစ်ကြီးနားမြို့နယ်၊ မလိခကျေးရွာအုပ်စု၊ နန်းခမ်းကျေးရွာရှိ (၂၁)မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းအနီးတွင် စိန်လင်း(ခ)စိန်စိန် မောင်းနှင်ပြီး မနွယ်လင်းအောင်(ခ) ဝိုင်းချစ် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိန်လင်း(ခ)စိန်စိန် ကိုင်ဆောင်ထားသည့် ပလတ်စတစ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ နံနက် ၈ နာရီခွဲတွင် ကော့သောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ဦးအောင်ဇေယျ(၃)လမ်းရှိ (၆)ခန်းတွဲတန်းလျား၊ အခန်းအမှတ်(၆) နေ အောင်ဇော်(ခ)စန်းဒါလင်း ၏အခန်းသို့ ဝင်ရောက်ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၁,၃၀၂ ပြား ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့၊ အမှတ်(၃)ရပ်ကွက်နေ မနိုင်းလိတ် ၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ အနီးရှိ ပုသိမ်-ငွေဆောင်သွားကားလမ်းတွင် ဇော်မျိုးလွင်(ခ)ကောက်ညှင်းထုပ် မောင်းနှင်ပြီး ကျော်သူဝင်း(ခ) ဝကြီး လိုက်ပါလာသည့် ဆိုင်ကယ်နှင့် သန်းထိုက်အောင်(ခ)ဂျာလေး(ခ)မဲကြီး မောင်းနှင်ပြီး စိုးမင်းထွေး(ခ)အငယ်ကောင် လိုက်ပါလာသည့် ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ကျော်သူဝင်း(ခ)ဝကြီး ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၁၁ ပြားကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

(ရဲပြန်ကြား)