မြစ်ကြီးနား  ၉  မေ 

 

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ချီဖွေ-မြစ်ကြီးနားမော်တော်ကားလမ်းသည် ယခင်ကထက် သွားလာရလွယ်ကူ သဖြင့် ချီဖွေဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာကြောင်း ဒေသခံပြည်သူများထံက သိရှိရသည်။

 

“မြစ်ကြီးနားနဲ့ ချီဖွေမြို့ဆိုတာ မိုင်အားဖြင့် ၈၇မိုင် ကွာဝေးပါတယ်။ ကတ္တရာလမ်းဖြစ်သွားတဲ့အတွက် သွားလာရ ပိုပြီး လွယ်ကူသလို ရာသီမရွေးလည်း သွားလာနိုင်ပြီဖြစ်ပါတယ်။ ဒေသအတွက်လိုအပ်တဲ့ အခြေခံစား သောက်ကုန်တွေ၊ ဆေးဝါးနဲ့ အဝတ်အထည်တွေကို မြစ်ကြီးနားမြို့ကနေ လွယ်လွယ်ကူကူနဲ့ အချိန် တိုအတွင်း ရရှိနိုင်လာပြီဖြစ်ပါတယ်”ဟု ချီဖွေမြို့တွင် နှစ်ပေါင်း ၃၀ထက်မနည်း တာဝန်ထမ်းဆောင်လျက်ရှိ သည့် ဌာနဆိုင်ရာဝန်ထမ်း ဦးဒေါင်လွမ်းက ပြောပြသည်။

 

လွန်ခဲ့သည့် ငါးနှစ်ဝန်းကျင်က ခြေလျင်ခရီး သို့မဟုတ် မော်တော်ကားမြေသားလမ်းများအတိုင်း ကြမ်းတမ်းသည့် လမ်းများပေါ်တွင် အချိန်များစွာပေးကာ ခရီးနှင်ခဲ့ရကြောင်း၊ မိုးတွင်းကာလတွင် တောင်ပြိုခြင်း၊ မြေကျွံခြင်း ၊ ကမ်းပါးပြိုကျခြင်း၊ ရွံ့နွံများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးစသည့် အရေးကိစ္စမှန်သမျှတို့တွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ကြရသည်။

 

အဆိုပါမြေသားလမ်းကို ရာသီမရွေးသွားလာနိုင်ရေးအတွက် ကျောက်ခင်းလမ်း၊ ထိုမှတစ်ဆင့် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများအထိ အဆင့်ဆင့် အဆင့်တိုးမြှင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ ယခုနှစ် မတ်လကုန် မှစတင်ကာ လမ်းအဆင့်မြှင့်ပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်နီးပါး ပြီးစီးခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေးမှာ  အဆင်ပြေလွယ်ကူလျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

 

“အရင်က ကိုယ့်ရိက္ခာကိုယ်သယ်ပြီး မြစ်ကြီးနားကို ရောက်ဖို့ သုံးရက်ကနေ တစ်ပတ်နီးပါးအထိ သွားခဲ့ရတယ်။ စီးပွားရေးကိစ္စဖြစ်ဖြစ်၊ ကျန်းမာရေးကိစ္စဖြစ်ဖြစ် အချိန်အကြာကြီးပေးခဲ့ရတာပေါ့။ အခုကျတော့ ကျွန်တော် ချီဖွေကနေ မြစ်ကြီးနားကို လာခဲ့တာ မော်တော်ကားနဲ့ လေးနာရီပဲ စီးခဲ့ရတယ်။ အချိန်များစွာ သက်သာသွားပြီ။ မော်တော်ကားတွေက ယာဉ်လိုင်း သုံးခုရှိသလို အခြားပြေးဆွဲတဲ့ကားတွေကလည်း တစ်နေ့ကို သုံးစီး၊ လေးစီး ဝန်းကျင် အသွားအပြန်ရှိပါတယ်။ ဈေးနှုန်းကလည်း ငွေကျပ် ၁၀ဝ၀ဝ ကနေ ၂၀ဝ၀ဝ အထိ ပေးရတယ်”ဟု ဒေသခံ ဦးခေါင်လွမ်းက ရှင်းပြသည်။

 

ချီဖွေမြို့နယ်သည် လူဦးရေ နှစ်သောင်းဝန်းကျင်ရှိပြီး လော်ဝေါ်၊ လီဆူ၊ လာချိဒ် လူမျိုးများအများဆုံးနေထိုင်ကြ ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်သူများ၊ တာဝန်ကျ ဝန်ထမ်းများ အများဆုံးနေထိုင်ကြသည်။ 

 

လမ်းပန်းဆက်သွယ်ရေး အားကောင်းလာသည့်အတွက် စီးပွားရေးနှင့် လူမှုရေး၊ ပညာဆက်လက်သင်ယူနိုင် ရေးတို့အတွက် များစွာအထောက်အကူဖြစ်လာမည်ဟု ဒေသခံများက မျှော်လင့်ယုံကြည်ထားကြောင်း သိရှိရပါသည်။ 

 

(ချီဖွေပြန်/ဆက်)