မြစ်ကြီးနား   ၁၃   မတ်

 

မြန်မာ့မီးရထားမှ မြစ်ကြီးနား - မန္တလေးလမ်းပိုင်းတွင် အသစ်တိုးချဲ့ပြေးဆွဲမည့် ကိုရီးယား လေအိတ်အဲကွန်း ရထားသစ်ကို မတ်လ ၂၁ ရက်တွင်  စတင်ပြေးဆွဲတော့မည်ဖြစ်သောကြောင့် ပုံမှန် ပြေးဆွဲလျက်ရှိသော ကျန်ရထားထွက်ချိန်များ အနည်းငယ် အပြောင်းအလဲဖြစ်သွားသည်ဟု မြစ်ကြီးနား ဘူတာရုံပိုင်ချုပ်ထံမှ သိရှိရသည်။

 

ရုံပိုင်ချုပ် ဦးခင်သော်က “မတ် ၂၁ ရက်နေ့မှာ ကိုရီးယားလေအိတ်အဲကွန်းရထားသစ်ကို မန္တလေး မှာကော၊ မြစ်ကြီးနားမှာကော စတင်ပြေးဆွဲသွားမှာဖြစ်ပါတယ်၊ ရထားအချိန်ကတော့ နေ့လယ် ၁ နာရီခွဲ မှာပြေးဆွဲမှာဖြစ်ပါတယ်၊ အဲဒီတော့ ကျွန်တော်တို့  ၂၁ ရက်နေ့က စပြီး မန္တလေး- မြစ်ကြီးနားလမ်းပိုင်းက လက်ရှိပြေးဆွဲနေတဲ့ ရထားတွေကို အချိန်စာရင်းအနည်းငယ် ပြောင်းလဲ လိုက်ပါတယ် ဟု ရှင်းလင်း ပြောပြသည်။

 

လက်ရှိအချိန်တွင် မြစ်ကြီးနား - မန္တလေးလမ်းပိုင်း၌ မြစ်ကြီးနားဘူတာမှ နံနက် ၄ နာရီ ၄၅ မိနစ် ထွက်ခွာသည့် မြစ်ကြီးနား - နဘားလော်ကယ်ရထား၊   နံနက် ၈ နာရီ ၁၅ မိနစ်ထွက် အထူးမြန်ရထား၊ နံနက် ၈ နာရီ ၄၅ မိနစ်ထွက် ဒုတိယအမြန်ရထားနှင့် နေ့လည် ၁၂ နာရီ ၄၅ မိနစ်ထွက် တရုတ်နိုင်ငံ ထုတ်လေအိတ်တွဲဆိုင်းရထားနှင့် ညနေ ၄ နာရီထွက် မန္တလာရထားစသည်ဖြင့်  ရထားအစီးရေ(၅)စင်း နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာမှ မတ်လ ၂၁ ရက်နေ့တွင် ကိုရီးယားနိုင်ငံထုတ်လေအိတ်အဲကွန်းရထားကို အသစ်ဖြည့်တင်းပြေးဆွဲပေးသွားမည်ဖြစ်သောကြောင့်  နေ့စဉ်ပြေးဆွဲလျက်ရှိသော ရထားများ၏ အချိန် စာရင်းတွင် တရုတ်နိုင်ငံထုတ်လေအိတ်တွဲဆိုင်းရထားထွက်ချိန်  (၁၂) နာရီ (၄၅) မိနစ်မှ  နံနက် (၁၀) နာရီခွဲသို့ ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်းနှင့် ကျန်ရထားအချိန်များမှာ များစွာပြောင်းလဲသွားခြင်း မဟုတ်ဘဲ လမ်းခရီးတွင် ရထားဆုံခြင်း၊ ကျော်ခြင်း စသည့်အချိန်အတွက်သာ အနည်းငယ်သာပြောင်းလဲ သွားခြင်းဖြစ်ကြောင်း ရုံပိုင်ချုပ်က ရှင်းလင်းပြောကြားသည်။

 

4960

 

ထို့အပြင် အသစ်ပြေးဆွဲမည့် ကိုရီးယားနိုင်ငံထုတ် လေအိတ်အဲကွန်းတွဲဆိုင်းရထား အမှတ် ၃၂ သည် နေ့စဉ် မြစ်ကြီးနားဘူတာမှ နေ့လယ် (၁) နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးဘူတာသို့ နံနက် (၇) နာရီ (၄၅) မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်းနှင့် လမ်းခရီးတွင် ဘူတာ (၇) ဘူတာသာ ရပ်နားပေးမည်ဖြစ်ပြီး စားသောက်တွဲ (၁)တွဲ၊ အထက်တန်းတွဲဆိုင်း (၁၀) တွဲပါဝင်ပြီး ရိုးရိုးတန်း (၁) တွဲတွင် ထိုင်ခုံ (၄၀)ခန့်သာပါဝင်မည်ဖြစ်ကာ ရထားလိုက်ဝန်ထမ်းများနေရာချထားပြီးမှသာ ကျန်ထိုင်ခုံ များအား ခရီးသည်များအတွက် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ရထားလက်မှတ်နှုန်းထားမှာ မန္တလေးထိ အထက်တန်းအတွက် လူတစ်ဦးလျင် ငွေကျပ် ၂၀ဝ၀ဝ နှင့် ရိုးရိုးတန်းအတွက် ငွေကျပ် ၁၀ဝ၀ဝ ကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။

 

မြန်မာ့မီးရထားအနေဖြင့် အသစ်ပြေးဆွဲမည့် လေအိတ်အဲကွန်းရထားတွင် ခရီးသည်များအား လွတ်လပ်စွာ စီးနှင်းနိုင်ပြီး အဲကွန်းရထားဖြစ်သည့်အတွက် အလုံပိတ်အခန်းအတွင်း အနံ့ပြင်းသော အစားအစာနှင့် ကုန်ပစ္စည်းများ သယ်ဆောင်ခြင်းအား မေတ္တာရပ်ခံကြောင်းရုံပိုင်ချုပ်က ပြောကြား သည်။

 

မျိုးမြင့်စိုး(ပြည်နယ်ပြန်/ဆက်)