နေပြည်တော် ဒီဇင်ဘာ ၃၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်၊ ဈေးကြီးလမ်းတွင် မင်းနိုင် မောင်းနှင်ပြီး သန်းလင်းဦး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၅၀၀ ကို လည်းကောင်း၊ ထို့ပြင် ဒီဇင်ဘာ ၂၈ ရက် ညနေ ၄ နာရီ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် နောင်ချိုမြို့နယ်၊ မဲပုတ်ကျေးရွာအုပ်စု၊ မကျည်းရေ ကျေးရွာအနီး၊ နောင်ချို-ရပ်စောက်သွားကားလမ်းတွင် အောင်မင်းထွန်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ ညနေ ၅ နာရီခွဲတွင် နောင်ချိုမြို့နယ်၊ လုံဝယ်ကျေးရွာအုပ်စု၊ လုံစံကျေးရွာရှိ ကျော်ညွန့်(ခ)သားပု၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၆၀ ကို လည်းကောင်း၊ အလားတူ ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုးသွား ကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)အနီးတွင် သန့်ဇင်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ဇော်ဇော်အောင်(ခ)ဇော်ကြီး မောင်းနှင်ပြီး မစန်းမြမိုး (ခ)သော်တာ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တို့ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅၆,၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။
ထို့အတူ ယင်းနေ့ ညပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မိုင်းတွမ်း(တောင်ပေါ်)ကျေးရွာအုပ်စု၊ ပါခါးကျေးရွာအနီး၊ မိုင်းဆတ်-တာချီလိတ် သွားကားလမ်းတွင် အမျိုးသားတစ်ဦး(စိစစ်ဆဲ) မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၂၀၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)