မြစ်ကြီးနား ၊ ၁၁ ဇန်နဝါရီ
၂၀၂၀ ပြည့်နှစ်အတွင်းက ရေကြီးရေလျှံမှု သုံးကြိမ်ဖြစ်ပေါ်ခဲ့သော ဖားကန့်မြို့နယ်၊ ဝါရာဇွတ် ကျေးရွာအုပ်စု၊ မြစ်ကြီးနား - တနိုင်းသွား လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွတ် ကျေးရွာအတွင်းမှ ဖြတ်သန်းစီးဆင်းသွားသည့် မိုးကောင်းချောင်းအား မိုးရာသီတွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး ရှင်းလင်းရေးလုပ်ငန်းကို ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ထွန်းရတနာစိမ်းကုမ္ပဏီမှ အပိုင်း လေးပိုင်းဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ချောင်းရှင်းလင်းရေးလုပ်ငန်းကို ချောင်းအရှည် ငါးမိုင်အတွင်း အပိုင်း လေးပိုင်းခွဲ၍ စတင် ရှင်းလင်း ဆောင်ရွက်လျက်ရှိရာ ရေကြီးရေလျှံမှု ဖြစ်ပေါ်စေသော အဓိကအကြောင်းအရင်းနေရာ တစ်ခုဖြစ်သည့်အပိုင်း (၃) နေရာတွင် အဓိကထား ရှင်းလင်းနေကြောင်း၊ အဆိုပါ နေရာသည် မိုးကောင်းချောင်း ကွေ့ပတ်စီးဆင်းသည့် နေရာဖြစ်သဖြင့် ပေ ၅၀၀ ခန့် မြေသားပိတ်ဆို့မှုဖြစ်ပေါ်နေပြီး ရေကြီးရေလျှံမှု၏ အဓိကနေရာတစ်ခုအဖြစ် ဦးစားပေး ရှင်းလင်းဆောင်ရွက်ခဲ့ရာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း ထွန်းရတနာစိမ်းကုမ္ပဏီမှ တာဝန်ခံ ကိုတင်အောင်မိုးက ရှင်းလင်းပြောပြသည်။
ယင်းချောင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၉ ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
ရှဒူးဇွတ်ကျေးရွာသည် ဖားကန့်မြို့နယ်အတွင်း ဝါရာဇွတ် ကျေးရွာအုပ်စုအတွင်း မြစ်ကြီးနား - တနိုင်းသွား လီဒိုလမ်းပေါ်တွင် တည်ရှိသည်။ မိုးကောင်းချောင်း ရေကြီးရေလျှံမှုကြောင့် ရှဒူးဇွတ်ကျေးရွာတွင် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း တစ်ကြိမ်၊ သြဂုတ်လအတွင်း တစ်ကြိမ်နှင့် စက်တင်ဘာလအတွင်း တစ်ကြိမ် စုစုပေါင်း သုံးကြိမ် ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ရာ ကားလမ်းမပေါ်တွင် ပေ ၆၀၀ မှ ၈၀၀ အထိ ရေပြင်ဖြစ်ပေါ်ခဲ့ပြီး ယာဉ်အသွားအလာ ရပ်တန့်မှုဖြစ်ပေါ်ခဲ့သည့်အပြင် လူနေအိမ် ၃၀၀ ခန့်နှင့် စာသင်ကျောင်းအတွင်း ရေများဝင်ရောက်ခဲ့သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။
မျိုးမြင့်စိုး(ပြန်/ဆက်)


