မြစ်ကြီးနား ဧပြီ ၄

 

ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေးတွင် အဓိကကျသည့် လေကြောင်းလိုင်းပြေးဆွဲမှုများကို ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ ရပ်နားထားခဲ့ရာမှ ယနေ့ ဧပြီ ၄ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနားလေဆိပ်၌ ခရီးသည်တင်လေကြောင်းလိုင်းများ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။

 

ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် မြစ်ကြီးနားလေဆိပ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် မြန်မာအမျိုးသား လေကြောင်းလိုင်း ထိခိုက်မှုဖြစ်ပွားခဲ့သဖြင့် ဖေဖော်ဝါရီ ၂၁ ရက်မှစတင်၍ လေယာဉ်ပြေးဆွဲမှုများကို ရက်ပေါင်း ၄၀ ကျော်ကြာ ရပ်နားထားခဲ့ရခြင်းဖြစ်သည်။

 

ယနေ့တွင် ပြည်တွင်းပြေးဆွဲလျက်ရှိသော Air ThanLwin လေကြောင်းလိုင်း စတင်ပြေးဆွဲခြင်းဖြစ်ပြီး အများပြည်သူခရီးသွားလာမှု အဆင်ပြေစေရေးအတွက် မြစ်ကြီးနားလေဆိပ်မှ ပုံမှန်ပြေးဆွဲနေကြသော လေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Air ThanLwin လေကြောင်းလိုင်း၊ မန်းရတနာဘုံလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်းစသည့် လေကြောင်းလိုင်းလေးခုမှ တစ်ပတ်လုံး အလှည့်ကျပြေးဆွဲသွားမည်ဖြစ်ကာ ပူတာအိုလေဆိပ်သို့လည်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တစ်ပတ်လျှင် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေ နှစ်ရက်ပြေးဆွဲပေးသွားမည်ဖြစ်သည့်အပြင် မန်းရတနာဘုံ လေကြောင်းလိုင်းနှင့် မင်္ဂလာလေကြောင်းလိုင်းတို့ကလည်း ပူတာအိုသို့ ပြေးဆွဲနိုင်ရေး စီစဉ်ထားကြောင်း မြစ်ကြီးနားလေဆိပ်တာဝန်ခံ ဦးစည်သူထံမှ သိရသည်။

 

ယခုအခါ လေကြောင်းလိုင်းများ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ ခရီးသွားလာမှု၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကြောင့် ခရီးသွားလာမည့်သူများ ပိုမိုအဆင်ပြေသွားမည်ဖြစ်သည့်အပြင် ဌာနဆိုင်ရာများ၏ ရုံးလုပ်ငန်းများမှာလည်း ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)