မြစ်ကြီးနား၊ ၂၂ ဒီဇင်ဘာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ငွေကျပ် သိန်း(၂၃၀)အကုန်အကျခံကာ မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပြီးစီးသည့် ဒူဝါဘွမ်ယွန်လမ်း ဖွင့်လှစ်ခြင်းကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီခွဲက အဆိုပါလမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း၊ လမ်းအလှူရှင် SPIC/ACHC ကုမ္ပဏီ မြစ်ကြီးနား ဆက်ဆံရေးရုံး တာဝန်ခံ ဒေါ်ယဉ်ယဉ်နှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကာ စီတာပူရပ်ကွက် နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရဆရာ ဦးဘရန်အောင်က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်မှ လမ်းဖြစ်မြောက်ရေးအတွက် ငွေကျပ်သိန်း(၂၃၀) ထည့်ဝင်လှူဒါန်းပေးသည့် SPIC/ACHC ကုမ္ပဏီအား ကျေးဇူးတင်ရှိပါကြောင်း ယခုဖွင့်လှစ်သည့် လမ်းမှာ အရှည် ပေ (၁၀၂၀) အကျယ်(၁၄)ပေရှိ လမ်းဖြစ်ပြီး စည်ပင်ပြည်သူ ပူးပေါင်းခင်းကျင်းရန် ပြင်ဆင်ခဲ့သော်လည်း ရပ်ကွက်နေပြည်သူများ၏ ထည့်ဝင်ငွေမှာ အားနည်းနေခဲ့၍ လမ်းခင်း ကျင်းနိုင်မှုကြန့်ကြာခဲ့ပါကြောင်း၊ ထို့ကြောင့် SPIC/ACHC ကုမ္ပဏီအား အကူအညီတောင်းခံခဲ့ရာ SPIC/ACHC ကုမ္ပဏီမှ ကူညီဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ယခုလမ်းအား မြေသားလမ်းမှ အဆင့်မြင့် ကတ္တရာလမ်းအဖြစ် ခင်းကျင်းနိုင်ခဲ့ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူတို့မှ ခရစ်တော်ထံ ဆုတောင်းဆက်ကပ်ကာ ခရစ္စမတ်တေးသီချင်းအား သီကျူးခဲ့ပြီး လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ တက်ရောက်လာသူများက လမ်းအပိုင်းကို လမ်းလျှောက်ကြည့်ရှုကြသည်။
ထို့နောက် ဒေါက်တာဘွမ်ယွန်က SPIC/ACHC ကုမ္ပဏီအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ရာ မြစ်ကြီးနားဆက်ဆံရေးရုံးတာဝန်ခံ ဒေါ်ရင်ရင်နှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
မိုဃ်းကျ(မြစ်ကြီးနား)


