မြစ်ကြီးနား ဒီဇင်ဘာ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုအသင်းက ဦးစီးကျင်းပသည့် ၂၁၁၆ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ခေမာသီရပ်ကွက်ရှိ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံတွင် ပြုလုပ်ရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တက်ရောက်အားပေးသည်။
ရှမ်းနှစ်သစ်ကူးပွဲ အခမ်းအနားတွင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က “ရှမ်း တိုင်းရင်းသားတို့၏ နှစ်သစ်မင်္ဂလာ အခါတော်နေ့တွင် ကျန်းမာရွှင်လန်းကြပါစေကြောင်းနှင့် စီးပွားလာဘ်လာဘများ ကောင်းမွန်စေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း၊ ကိုဗစ်ကာလ ဖြစ်သော်လည်း စည်းကမ်းချက်များနှင့်အညီ ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စု ငါးစု၏ စုစည်းညီညွတ်မှုဖြင့် နှစ်သစ်ကူးပွဲတော်ကို ကျင်းပပြုလုပ်နိုင်သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ယခုလို နှစ်သစ်ကူး ပွဲတော်မျိုး သာမက ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင်လည်း မိမိတို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် အခြားတိုင်းရင်းသားများနည်းတူ ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း” အားပေးပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဗဟိုရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဒေါ်အိအိအေး၊ ပြည်နယ်ရှမ်းမျိုးနွယ်စုများ စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါ်နန်းခင်ပြုံးရီတို့က အမှာစကားများ အသီးသီးပြောကြားကြသည်။
ယင်းနောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ရှမ်းမျိုးနွယ်စုများ၏ ၂၁၁၆ ခုနှစ် နှစ်သစ်ကူး ပွဲတော်အတွက် ထောက်ပံ့ငွေကျပ် ၅ သိန်းကို ပေးအပ်ရာ အသင်းဒုတိယဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ရှမ်းတိုင်းရင်းသားတို့၏ နှစ်သစ်ကူးကို သာသနာနှစ် ၄၅၀ (ဘီစီ-၉၄)တွင် မူအန်မောဝ် တိုင်းပြည်ကို ပိဋကတ်သုံးပုံနှင့်အတူ ဗုဒ္ဓသာသနာတော် ပင့်ဆောင်ရောက်ရှိသည့်နေ့တွင် ရှမ်းတို့အတွက် ထူးမြတ်သော နှစ်ဖြစ်သဖြင့် ထိုနှစ်မှစ၍ ရှမ်းနှစ်ကို စတင်ရေတွက်လာခဲ့ရာမှ ယခုနှစ်တွင် ရှမ်းတိုင်းရင်းသားတို့၏ နှစ်ဟောင်းကုန်ဆုံး၍ ၂၁၁၆ ခုနှစ် မင်္ဂလာနှစ်သစ်သို့ ရောက်ရှိသည့် နှစ်သစ်ကူးပွဲဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)