မြစ်ကြီးနား      ၁   ဖေဖော်ဝါရီ

 

၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်းအတွင်း၌ ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပသည့် ပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

 

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ယခုနှစ်တွင် မနောကွင်းအတွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ကော်မတီအလိုက် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရေး တိုက်တွန်းမှာကြားပြီး ပြည်နယ်အစိုးရအဖွဲ့က ညွှန်ကြားရေးမှူးက ပြည်ထောင်စုနေ့ကျင်းပရေးအတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းတာဝန်များကို တင်ပြဆွေးနွေးသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနများက လုပ်ငန်းကော်မတီများအလိုက်  မနောကွင်းအတွင်း ပြုလုပ်ကျင်းပသွားမည့်အပေါ် လိုအပ်ချက်များ၊ ပြင်ဆင်နိုင်ရန်ကိစ္စရပ်များ၊ လူထု ပူးပေါင်းပါဝင်သည့် အားကစားပြိုင်ပွဲများ ပြုလုပ်ကျင်းပရေးနှင့် မနောပွဲတော်ကျင်းပရေးကော်မတီမှ ပြည်ထောင်စုနေ့အတွက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားအပြီး မနောအကဖြင့် ပါဝင်ဆင်နွှဲနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း ပြည်နယ်ပြန်/ဆက်မှ သိရသည်။

MDN