မြစ်ကြီးနား ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ဖေဖော် ဝါရီ ၁၂ ရက်တွင် ကျင်းပသည်။

ရှေးဦးစွာ နံနက် ၅ နာရီခွဲက နိုင်ငံတော်အလံတင်အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း ရှေ့မြက်ခင်းပြင်၌ ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား လွှင့်တင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုကြသည်။

ထို့နောက် နံနက် ၇ နာရီ မိနစ်၄၀တွင် တပ်မတော်ဂုဏ်ပြု စစ်ကြောင်းနှင့်အတူ အခမ်းအနား တက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော နိုင်ငံ့ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ထံမှ ပေးပို့လာ သော သဝဏ်လွှာကို ဖတ်ကြားသည်။

အလားတူ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများ အပါအဝင် ပျော်ပွဲရွှင်ပွဲအဖြစ် သံပုံးရိုက်၊ ဖားခုန်၊ တာယာကွင်း ဘောလုံးကန်၊ ဂုန်နီအိတ်စွပ် အပြေးပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်အပြေးပြိုင်ပွဲ၊ သံပရာသီး ဇွန်းကိုက်၊ ကင်းမြီးကောက် အပြေးပြိုင်ပွဲများစသည့် ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)