မြစ်ကြီးနား သြဂုတ် ၂၂

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိခန်းမ၌ ကျောင်းသားလူငယ်များ စာပေအသိပညာ ဗဟုသုတ ကြွယ်ဝစေရေးနှင့် စာဖတ်သည့် အလေ့အထ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပရာ ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က အဖွင့်အမှာစကားနှင့် လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းအား ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ထက်နှင့် စာရေးဆရာ အကြီးကိုကို(ကသာ) တို့က ဦးဆောင်ဆွေးနွေးသူများအဖြစ် ဆောင်ရွက်ကာ အဆိုပါကျောင်းမှ ကျောင်းသား/ကျောင်းသူ (၈)ဦးတို့က လူငယ်နှင့်စာကြည့်တိုက်၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်ခြင်းနှင့်စိတ်ခွန်အား၊ တိုးတက်လိမ္မာ စာမှာရှာ၊ အနာဂတ်ကောင်းမွန်လှပဖို့ စာဖတ်ကြပါစို့၊ ယနေ့ခေတ်လူငယ်နှင့် စာဖတ်ခြင်းအကြောင်းနှင့် လူငယ်နှင့် စာပေယဉ်ကျေးမှုတန်ဖိုး အစရှိသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ဖြည့်စွက်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ဆက်လက်ပြီး ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူနှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာ ဆုတံဆိပ်နှင့် အမှတ်တရ စာအုပ်ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အဝေမြိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)