မြစ်ကြီးနား နိုဝင်ဘာ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက ဆေးလိပ်သောက်ပြီး မီးမငြှိမ်းသတ်ဘဲထားရာမှ နေအိမ်မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီ ၃၅ မိနစ်က မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်၊ ဂင်ဒိုင်(B)နယ်မြေရှိ အိမ်ရှင် ဦးအင်ယန်လဆန်သည် နေအိမ်၌ရှိနေစဉ် ဆေးလိပ်သောက်ပြီး မီးမငြှိမ်းသတ်ဘဲ အိပ်ယာနံဘေးတွင် တင်ထားခဲ့ရာမှ အနီးရှိ အိပ်ယာခင်းအား မီးစွဲလောင်ကျွမ်းပြီး အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ သွပ်မိုး၊ ထရံကာ နှစ်ထပ်နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။

မီးလောင်ကျွမ်းရာနေရာသို့ ကချင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထွဋ်ဦး ဦးဆောင်သည့် မီးသတ်သန္ဓေတပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်တပ်ဖွဲ့ဝင် ၅ ဦးတို့မှ မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ Medium Fire Fighting & Rescue ၁ စီးတို့ဖြင့် မီးငြှိမ်းသတ်ရာမှ နံနက် ၉ နာရီ ၄၂ မိနစ်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် အိမ်ရှင် ဦးအင်ယန်လဆန်အား မြစ်ကြီးနားမြို့၊  အမှတ်(၁)ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)