မြစ်ကြီးနား ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလ လူထုကိုယ်လက်လှုပ်ရှားမှု အစီအစဉ်တစ်ရပ်အဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၆ နာရီက မြစ်ကြီးနားမြို့၌ ပြုလုပ်သည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ပြည်သူ့အားကစားကွင်း ရှေ့စုရပ်မှ ရုံးကြီးလမ်း၊ ဆွမ်ပရာဘွမ်လမ်း၊ ကျောက်စိမ်းတုံးမီးပွိုင့်မှ ဆမားလမ်း၊ သခင်နက်ဖေလမ်း၊ ထိုမှတစ်ဆင့် ရုံးကြီးလမ်းအတိုင်း တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပြည်သူ့အားကစားကွင်း သို့ ပြန်လည်ဝင်ရောက်ကာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း (Physical Fitness Dance)ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ရှိ တင်းနစ်ကွင်းအတွင်း ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ် တင်းနစ်ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကောင်း မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်း ရှစ်သင်းမှ တင်းနစ်ကစားသမားများနှင့် အသင်းအုပ်ချုပ်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ပြည်နယ်တင်းနစ် အားကစားဆပ်ကော်မတီအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က ထောက်ပံ့ငွေကျပ် ၂၂ သိန်း ပေးအပ်သည်။
အဆိုပါ မြို့နယ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲကို မြစ်ကြီးနားမြို့နယ်မှ လေးသင်း၊ ဗန်းမော်နှင့် မိုးကောင်း မြို့နယ်တို့မှ နှစ်သင်းစီဖြင့် စုစုပေါင်း တင်းနစ်ကလပ်အသင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကာ ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ အသင်းလိုက် (၃)ယောက်တွဲ၊ တစ်ဦးချင်းအကြီးတန်း၊ တစ်ဦးချင်း အငယ်တန်း၊ အသက် (၅၀)နှင့်အထက် (၂)ယောက်တွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)